CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းကို ၁၂ လကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ကလင်းစမန်း ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ တောင်ကိုရီးယားအသင်း နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ကလင်းစမန်းရဲ့ စာချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ရှိနေတာပါ။ 

ဒါပေမယ့် တောင်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်က ထွက်ခွာခဲ့ရပြီး ၆၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဆုဖလားအိပ်မက်ကို အဆုံးသတ်ခဲ့ရပါတယ်။ 

ဒါအပြင် အာရှဖလားပြိုင်ပွဲမှာ အသင်းဖော် အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ 

ဂျော်ဒန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ အသင်းဖော် အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာ ကြောင့် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ လက်ချောင်းအဆစ် လွဲသွားခဲ့တာဖြစ်ပါတယ်။

 ကလင်စမန်းကို တွေ့ရစဉ်

ဒီဖြစ်ရပ်ဟာ အသင်းသားတွေ ညစာစားပွဲမှာဖြစ်ခဲ့တာလို့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က အတည်ပြုထား ခဲ့တာပါ။ 

ကလင်းစမန်းကတော့ ဂျော်ဒန်အသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ သူဟာ တောင်ကိုရီးယားအသင်း နည်းပြရာထူး ကနေ နုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားခဲ့ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီ ၁၅ ရက်မှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်ဆိုပြီး တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ဟာ ကလင်းစမန်းကို နည်းပြရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ကလင်းစမန်းဟာ တောင်ကိုရီးယားအသင်း နည်းပြရာထူးကို ရယူပြီးကတည်းက ပရိသတ်တွေရဲ့ နှစ်သက်ခြင်းကို မခံခဲ့ရတာဖြစ်ပါတယ်။

ကလင်းစမန်းဟာ တောင်ကိုရီးယားအသင်းကို မကိုင်တွယ်ခင် နိုင်ငံအသင်းတွေဖြစ်တဲ့ ဂျာမနီနဲ့ အမေရိကန်တို့ကို ကိုင်တွယ်ခဲ့ပြီး ဂျာမနီအသင်းကို ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနဲ့ အမေရိကန်အသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

တောင်ကိုရီးယားအသင်းဟာ မတ်လထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ပွဲစဉ် ယှဉ်ပြိုင်ဖို့ ရှိနေတာ ကြောင့် နည်းပြသစ် အမြန်ဆုံး ခန့်အပ်နိုင်ဖို့ ပြင်ဆင်နေပြီး ကစားသမားဟောင်း ဟောင်မြန်ဘိုကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ Yonhap News TV က ဖော်ပြထားတာဖြစ်ပါတယ်။

Source: BBC