CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင် မကစားနိုင်ခဲ့တာဟာ ဒဏ်ရာကြောင့်ဖြစ်ပြီး နိုင်ငံရေးကြောင့် မဟုတ်ဘူးလို့ Weibo ဆိုရှယ်မီဒီယာမှာ ဗွီဒီယိုပို့စ်တင်ကာ ပြောခဲ့ပါတယ်။

မက်ဆီက “ဟောင်ကောင်ပွဲအပြီးမှာ ပြောခဲ့တဲ့ အရာတွေ အများကြီးကို ဖတ်လည်းဖတ်ခဲ့ရသလို ကြားလည်း ကြားခဲ့ရပါတယ်။ ဒီဗွီဒီယိုကို တင်ခဲ့တာဟာ အမှန်အကန် အကြောင်းအရာကို ပေးချင်လို့ဖြစ်ပြီး ဘယ်သူမှ မမှန်မကန်တဲ့ အကြောင်းအရာတွေကို ဆက်ဖတ်ဖို့ မလိုအပ်ပါဘူး။ နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ မှန်ကန်မှု မရှိတဲ့ အခြားအကြောင်းပြချက်တွေကြောင့် မကစားချင်ကြဘူးလို့ လူတွေပြောနေကြပါတယ်။ ကျနော်ဟာ ကစားသမားဘဝ စတင်ကတည်းက တရုတ်နဲ့ အလွန်ရင်းနှီးတဲ့ အထူးဆက်ဆံရေးရှိပါတယ်။ ဒီပွဲကို မပါဝင် နိုင်ခဲ့တာက ဒဏ်ရာကြောင့်ပါ” လို့ ပြောခဲ့တာပါ။

မက်ဆီဟာ ဟောင်ကောင်ခြေစမ်းပွဲမှာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားခဲ့ခြင်းမရှိဘဲ ၃ ရက် အကြာမှာ ကစားတဲ့ ဂျပန်ခြေစမ်းပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီကို တွေ့ရစဉ်

အဲဒါကြောင့် တရုတ်အစိုးရမီဒီယာတွေ၊ ဟောင်ကောင်နိုင်ငံရေးသမားတွေနဲ့ ပရိသတ်တွေက မက်ဆီကို ဒေါသတ ကြီးနဲ့ တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။ 

ဒီအဖြစ်အပျက်အပြီးမှာ ဟန်ကျိုးနဲ့ ဘေဂျင်းတို့ဟာ မတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲတွေမှာ လက်ခံကျင်းပမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

အဲဒါကြောင့် မက်ဆီဟာ Weibo ဆိုရှယ်မီဒီယာမှာ ဒီအခြေအနေတွေကို ရှင်းရှင်းလင်းလင်း ပြောလာခဲ့တာပါ။ 

အင်တာမိုင်ယာမီ အသင်းခေါင်းဆောင်ဟာ ဒဏ်ရာရနေပေမယ့် ဟောင်ကောင် ခြေစမ်းပွဲမတိုင်ခင် တစ်ရက်အလို မှာ လေ့ကျင့်ရေးကွင်းကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တိုင်းအတွက် လေ့ကျင့်ဖို့ ကြိုးစားပြီး အားစိုက် လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ဂျပန်မှာ မိနစ်အနည်းငယ် ကစားခဲ့တာက ဒဏ်ရာကနေ ပိုကောင်းလာတယ်လို့ ခံစားခဲ့ရသလို ကြံ့ခိုင်မှုပိုင်းကို ပြင်ဆင်ဖို့အတွက်ဖြစ်တယ်လို့ သူ့ရဲ့ ဗွီဒီယိုထဲမှာ ထည့်သွင်းပြောခဲ့တာပါ။

မက်ဆီဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှု အပြည့်အဝ ရှိနေပြီဖြစ်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ကစားမယ့် ရီးရယ်လ် ဆော့လိတ်အသင်းနဲ့ ရာသီသစ် မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီ အသင်းအတွက် ပွဲထွက် ပါဝင်ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။

Source: besoccer