CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃

ချယ်လ်ဆီးအသင်း နည်းပြ ပိုချက်တီနိုက စပါးအသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ သူ့ရဲ့အနာဂတ် က သူ့ဆုံးဖြတ်ချက်အပေါ်မှာ မူမတည်ဘူးလို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ဒီမှာ ကျနော့်အတွက် အချိန်ရှိဦးမလားဆိုတာ ကျနော့် ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျနော်ဟာ အပတ်တိုင်း အကဲဖြတ်ခံနေရတာကို မြင်တွေ့ရတာဟာ ခက်ခဲပါတယ်။ လာမယ့်ရာသီ ဒီမှာဆက်ရှိမလား၊ မရှိဘူးလားဆိုတာ ကျနော့်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူမတည်ပါဘူး။ ကျနော်တို့ဟာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်း ကြောင်းနဲ့ ကိုက်ညီချင်တယ်ဆိုရင် လုပ်စရာအလုပ်တွေ အများကြီးရှိပါတယ်။ အသင်းကို တည်ဆောက်ဖို့ အချိန် ရမလားဆိုတာ မြင်တွေ့ရမယ်”လို့ ပြောပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းအတွက် ဂိုးတွေကို ချာလိုဘတ်နဲ့ ဂျက်ဆန်တို့က သွင်းယူခဲ့တာပါ။

 ချယ်လ်ဆီးကစားသမားတွေကို တွေ့ရစဉ် 

ချယ်လ်ဆီးအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် အဆင့် ၆ နေရာက ယူနိုက်တက်အသင်းနဲ့ ၃ မှတ်၊ အဆင့် ၇ နေရာက နယူးကာဆယ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်နိုင်မယ့် မျှော်လင့်ချက်တွေ ရှင်သန်နေသေးတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့် ရရှိခဲ့မယ်ဆိုရင်တောင် နည်းပြ ပိုချက်တီနိုရဲ့ အနာဂတ်ဟာ အသင်းမှာ သေချာမှုမရှိတော့ပါဘူး။ 

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းပိုင်ရှင်တွေဆီကနေ အားပေးထောက်ခံတဲ့ မက်ဆေ့ချ်တွေ မရရှိတော့ဘူးလို့ ပိုချက်တီနိုက ပြောခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်း ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ငွေကြေး အများအပြား သုံးစွဲပြီး အသင်းကို အားဖြည့်ခဲ့ပေမယ့် အောင်မြင်မှုတွေ မရယူနိုင်တဲ့အပေါ် စိတ်ပျက်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ အဓိက ကစားသမား အများအပြား ဒဏ်ရာရရှိမှုနဲ့ ကြုံတွေ့နေရပြီး စပါးအသင်း နဲ့ပွဲစဉ်မှာဆိုရင် ဒဏ်ရာကြောင့် အသင်းကြီးက ကစားသမား ၁၄ ဦးအထိ မပါဝင်နိုင်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ မေလ ၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: Goal