CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃

လေဗာကူဆင်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ရိုးမားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ပြိုင်ပွဲစုံ ၄၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ၂၂ နှစ်အကြာမှ ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်နိုင်ဖို့ နီးစပ်ခဲ့တာပါ။

ဒီပွဲမှာ လေဗာကူဆင်အသင်းအတွက် ဂိုးတွေကို ဖလော်ရီယန့်ဝါတ်ဇ်နဲ့ အန်ဒရချ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရိုးမားအသင်းဟာ လေဗာကူဆင်အသင်းကို ဘောလုံးပိုင်ဆိုင် မှုသာ အသာစီးရခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှု အပိုင်းတွေမှာ လေဗာကူဆင်အသင်းက အသာရ ရှိခဲ့တာပါ။

လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါဖလားကို ရရှိထားပြီး ပိုကယ်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကို တွေ့ရစဉ်

ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ဗိုလ်လုပွဲ တက်နိုင်ခဲ့မယ်ဆိုရင် လေဗာကူဆင်အသင်းဟာ တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။

ဒါအပြင် လေဗာကူဆင်အသင်းဟာ ရာသီအစကတည်းကနေ အခုအချိန်ထိ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ ၄၇ ပွဲအထိ ရှိသွားပြီဖြစ်တာကြောင့် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလား ၃ လုံး ရယူနိုင်မယ့် အခြေအနေမှာလည်း ရှိနေပါတယ်။

လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုက “၂ ဂိုး-ဂိုးမရှိက ရလဒ်ကောင်းဖြစ်ပြီး အိမ်ကိုပျော်ရွှင်စွာ ပြန်ရမှာ ဖြစ်ပေမယ့် သတိထားရမှာပါ။ ဒီရာသီမှာ ကျနော်တို့လုပ်နေတဲ့ အရာတွေက ထူးခြားပါတယ်။ ကျနော်တို့ဟာ အခုသွားနေတဲ့ အရာတွေကို မရပ်တန့်ချင်ပါဘူး။ ရာသီကုန်တဲ့အထိ ဒီလိုပုံစံမျိုးပဲ ဆက်သွားချင်တယ်”လို့ ပြောပါတယ်။ 

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ နောက်တစ်ပွဲဖြစ်တဲ့ မာဆေးလ်နဲ့ အတ္တလန်တာအသင်းတို့ ပွဲစဉ်ကတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ 

ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေကို မေလ ၁၀ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: ESPN