CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၄

ဟာရီကိန်း၊ နူအာနဲ့ မူလာ အပါအဝင် ဘိုင်ယန်မြူးနစ်အသင်း ကစားသမား အများအပြားဟာ နည်းပြ တူချယ်လ် ကို လာမယ့်ရာသီ ဆက်ရှိစေဖို့ အသင်းကို တွန်းအားပေးနေတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။

တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆိုးရွားတဲ့ရလဒ်တွေကြောင့် ဒီရာသီအကုန်မှာ နည်းပြရာထူးက နုတ်ထွက်မယ်လို့ ကြေညာထားတာပါ။ 

ဒါပေမယ့် တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် ကစားသမား အများအပြားဟာ နည်းပြကို အသင်းမှာ ဆက်ပြီးရှိစေချင်ကြတာ ဖြစ်ပါတယ်။

တူချယ်လ်ဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အိမ်ကွင်း နောက်ဆုံးပွဲစဉ်အပြီးမှာ ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်သွားခဲ့ခြင်း မရှိပါဘူး။ 

နောက်ဆုံးသတင်းတွေမှာ ဟာရီကိန်း အပါအဝင် ဘိုင်ယန်မြူးနစ်အသင်း ကြယ်ပွင့်တွေဟာ နည်းပြ တူချယ်လ်ကို လာမယ့်ရာသီ ဆက်ပြီးရှိစေဖို့ ကလပ်အသင်းကို တွန်းအားပေးနေတယ်လို့ ဖော်ပြခဲ့တာပါ။ 

တူချယ်လ်ကိုတွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်းဟာ တူချယ်လ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပေမယ့် လက်ရှိအချိန်ထိ အဆင်ပြေမှု မရှိသေးတာပါ။

အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ တူချယ်လ်ကို ဆက်ရှိစေဖို့ ဆွေးနွေးမှု ပြုလုပ်သွားမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

တူချယ်လ်ဟာ လက်ရှိအချိန်မှာ ကမ်းလှမ်းမှုအချို့ကို ရရှိထားပြီး ယူနိုက်တက်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ 

တူချယ်လ် ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံထားတာ ဖြစ်ပါတယ်။ 

တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၂၃ ခုနှစ်၊ မတ်လက စတင်ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်ထိ ပွဲပေါင်း ၆၀ ကိုင်တွယ်ထားခဲ့တာမှာ ၆၁.၆၇ အနိုင် ရာခိုင်နှုန်း ရရှိထားပြီး ဘွန်ဒက်လီဂါဖလား ၁ ကြိမ် ရယူပေးထားတာ ပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါ နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၁၈ ရက်မှာ ဟော်ဖန်ဟိမ်းအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal