CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၆

ဝုလ်ဗ်စ်အသင်းဟာ လာမယ့် ဘောလုံးရာသီက စတင်ပြီး VAR အသုံးပြုမှုကို ဖယ်ရှားဖို့ တရားဝင် တောင်းဆို ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ VAR နည်းပညာကို ဖယ်ရှားမယ့် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

VAR နည်းပညာကို ၂၀၁၉ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ အငြင်းပွားမှုတွေ အများအပြား ဖြစ်ခဲ့ပြီးနောက် ဒီနည်းပညာကို အသုံးပြုတဲ့အပေါ် အငြင်းအခုံတွေရှိနေဆဲ ဖြစ်ပါ တယ်။

နည်းပြတွေဟာ VAR အသုံးပြုတာနဲ့ ပတ်သက်ပြီး ဝေဖန်မှု အများအပြား ပြုလုပ်ခဲ့ကြပြီး ဝုလ်ဗ်စ်အသင်းကတော့ အခုနွေရာသီမှာ VAR ကို ဖယ်ရှားပေးဖို့ တရားဝင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းရဲ့ အဆိုပြုချက်အပေါ် ဇွန်လ ၆ ရက်မှာ ကျင်းပမယ့် နှစ်ပတ်လည် တွေ့ဆုံပွဲမှာ ပရီးမီးယားလိဂ် အသင်း ၂၀ စလုံးဟာ မဲခွဲဆုံးဖြတ်ကျမှာပါ။

VAR နည်းပညာကို ဖယ်ရှားမယ့် အဆိုပြုချက်ကို အတည်ပြုနိုင်ဖို့ဆိုရင် ထောက်ခံမဲအနည်းဆုံး ၁၄ မဲရရှိဖို့ လိုအပ် တယ်လို့ သိရပါတယ်။ 

VAR နည်းစနစ်ကို တွေ့ရစဉ်

ဝုလ်ဗ်စ်အသင်းကတော့ VAR ဟာ ပရိသတ်နဲ့ ဘောလုံးအကြား ဆက်ဆံရေးကို ပျက်ဆီးစေပြီး ပရီးမီးယားလိဂ် အမှတ်တံဆိပ်ရဲ့ တန်ဖိုးကိုလည်း ထိခိုက်စေတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

ဒီရာသီမှာ VAR နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာက စက်တင်ဘာက စပါးအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်း သွင်းယူတဲ့ဂိုးကို လူကျွံဘောဆိုပြီး ပယ်ဖျက်ခဲ့တာ အပါအဝင် နောက်ဆုံးဖြစ်ပျက်ခဲ့ တာက တော့ ပြီးခဲ့တဲ့လက အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ် အသင်းဘက်ကို ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ 

ဆွီဒင်နိုင်ငံဟာ ပြီးခဲ့တဲ့လက VAR ကို အသုံးပြုဖို့ ငြင်းပယ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့တာပါ။

ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီက စတင်ပြီး လူကျွံဘော ဖမ်းရာမှာ ပိုပြီးတိကျတဲ့ semi-automated offside နည်းပညာကို စတင်အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။

Source: Metro