CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၆

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ အော်လန်ဒိုစီးတီးအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဒီစီယူနိုက်တက်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ နည်းပြ မာတီနိုက ပြောခဲ့ ပါတယ်။

မာတီနိုက “လီယိုဟာ သက်သောင့်သက်သာမရှိပေမယ့် နေ့တိုင်းလေ့ကျင့်မှုတွေပြုလုပ်သလို သူ့ကိုစစ်ဆေးမှု တွေပြုလုပ်တာမှာလည်း ကောင်းမွန်ပါတယ်။ တစ်ပတ်အတွင်း ၃ ပွဲကစားပြီးတော့ သူဟာ နာကျင်မှုတွေ ရှိနေပါတယ်။ လာမယ့်စနေနေ့မှာ သူပါဝင်ကစားဖို့ စီစဉ်ထားပေမယ့် တစ်ရက်ပြီးတစ်ရက် စောင့်ကြည့် သွားရမှာပါ။ ကျနော်တို့သူ့ကို ဘယ်လိုစွန့်စားမှုမှပြုလုပ်သွားမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီမပါဝင်နိုင်တဲ့ ပွဲစဉ်မှာ အော်လန်ဒိုစီးတီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီပါဝင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၅ ပွဲစလုံးနိုင်ပွဲရယူနိုင်ခဲ့ပေမယ့် သူမ ပါဝင်နိုင်တဲ့အချိန်မှာ နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲအနိုင်မရခဲ့ပေမယ့် မေဂျာလိဂ်အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားမှာ အဆင့် ၁ နေရာဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။ 

မေဂျာလိဂ်ကလပ်ဟာ မက်ဆီမပါဝင်နိုင်ခဲ့တဲ့ ဒီရာသီအစပွဲစဉ်တွေမှာလည်း ရလဒ်တွေမကောင်းဖြစ်ခဲ့တာပါ။

အဲဒါကြောင့် နည်းပြ မာတီနိုက လာမယ့် ဒီစီယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ မက်ဆီပါဝင်နိုင်ဖို့ မျှော်လင့် နေတာဖြစ်ပါတယ်။ 

မက်ဆီဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၁၀ ဂိုး သွင်းယူထားပြီး အသင်းဖော်တိုက်စစ်မှူး ဆွာရက်ဇ်က ၁၁ ဂိုးသွင်းယူထားတာပါ။ 

သူတို့ ၂ ဦးစလုံးဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုတွေကို ရရှိထားတာဖြစ်ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် လာမယ့် ပွဲစဉ် ၄ ပွဲပါဝင်ကစားပေးပြီးရင် ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားအသင်းနဲ့ သွားရောက်ပူးပေါင်းရတော့မှာပါ။

ကိုပါအမေရိကဖလားပြိုင်ပွဲကျင်းပနေချိန်မှာ မေဂျာလိဂ်ပြိုင်ပွဲလည်း ဆက်လက်ကျင်းပနေမှာဖြစ်လို့ အင်တာ မိုင်ယာမီအသင်းဟာ မက်ဆီမပါဝင်ဘဲ ပွဲစဉ်အချို့ကို ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

Source:Goal