CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၇

ပရီးမီးယားလိဂ်ကလပ်တွေဟာ လာမယ့်ရာသီ VAR ကိုဆက်ပြီးထားရှိဖို့အတွက် မဲပေးမှုပြုလုပ်ခဲ့တာမှာ ထောက်ခံမဲ ၁၉ မဲ၊ကန့်ကွက်မဲ ၁ မဲပေးခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ လာမယ့်ရာသီ VAR အသုံးပြုမှုကို ဖျက်သိမ်းဖို့ ပရီးမီးယားလိဂ်ထံ တရားဝင်တင်သွင်းခဲ့ပြီး နောက် မဲပေးဆုံးဖြတ်မှုပြုလုပ်ခဲ့တာမှာ ဝုလ်ဗ်စ်အသင်းကလွဲပြီး ကျန်အသင်းတွေက VAR ကိုဆက်ပြီးထားရှိဖို့ မဲပေးခဲ့ကြတာပါ။ 

VAR အသုံးပြုမှုကို ဖျက်သိမ်းဖို့ဆိုရင် ပရီးမီးယားလိဂ်အသင်း ၂၀ က ၁၄ သင်းဟာ ထောက်ခံ မဲပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ 

အဲဒါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ VAR ကို ဖျက်သိမ်းချင်နေတဲ့ ဝုလ်ဗ်စ် အသင်းရဲ့ အဆိုပြုချက်ဟာ အောင်မြင်မှုမရှိခဲ့တာပါ။

ဝုလ်ဗ်စ်အသင်းဟာ မဲရလဒ်ကို စိတ်ပျက်ပေမယ့် VAR ကို ဒီထက်ပိုပြီးကောင်းမွန်အောင်လုပ်မယ့် ပရီးမီးယားလိဂ် ရဲ့ ကတိကဝတ်ကို ကြိုဆိုခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ VAR ကို ဖျက်သိမ်းတာထက် လက်ရှိ စနစ်ကို ပိုပြီးကောင်းမွန်အောင် ပြုပြင်မွမ်းမံမှုတွေလုပ်ဆောင်စေချင်နေတာပါ။ ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့ရာသီ က VAR ရဲ့ အမှားအယွင်းတွေကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့အတွက် VAR အသုံးပြုမှုကို ပိုပြီး ကောင်းမွန်လာအောင် လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ 

VAR ကိုသာ အသုံးမပြုခဲ့ရင် ရာသီတစ်လျှောက်လုံးမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ပေါင်း ၁၀၀ ကျော်လောက် ရှိလိမ့်မယ်လို့ ပရီးမီးယားလိဂ်က ထောက်ပြထားပါတယ်။

 VAR ကို ဥရောပကလပ်ပြိုင်ပွဲတွေမှာ အသုံးပြု နေတာကြောင့် ထိပ်သီးကလပ်တွေဟာ ဒီနည်းပညာကို ဖျက်သိမ်းလိုခြင်းမရှိတာပါ။

 အဲဒါကြောင့် ပရီးမီးယား လိဂ်ဟာ လာမယ့်ရာသီမှာ မနှစ်ကရာသီလို အမှားအယွင်းတွေ ထပ်ပြီးမဖြစ်အောင် လုပ်ဆောင်ဖို့ ပြင်ဆင်မှု တွေပြုလုပ်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ VAR ကို ပိုကောင်းအောင်လုပ်ရမှာဖြစ်သလို လာမယ့်ရာသီမှာ အလိုအလျောက် လူကျွံဘော ဖမ်းတဲ့ နည်းပညာကို အသုံးပြုဖို့လည်း ရှိနေတာဖြစ်ပါတယ်။