CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃

ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့ဟာ တောင်ပံကစားသမား ဆန်ချိုရဲ့ အငှားစာချုပ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ESPN သတင်းဌာနကို ပြောပါတယ်။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အခုရာသီကုန်တဲ့အထိ အငှားစာချုပ်နဲ့ ခေါ်ယူချင်ပေမယ့် ကစားသမားရဲ့ လုပ်ခလစာ အများစုကို ယူနိုက်တက်အသင်းက ဆက်ပြီး ပေးချေရဖို့ ရှိနေတာပါ။ 

အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ လူသိရှင်ကြား ပြဿနာဖြစ်ပွားပြီးနောက် သြဂုတ်လကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိတော့ပါဘူး။ 

ဆန်ချိုဟာ ယူနိုက်တက်အသင်းကြီးနဲ့ လေ့ကျင့်မှုပြုလုပ်ခွင့် မရတော့ဘဲ တစ်ဦးတည်းသာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာပါ။

ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားကတော့ အသင်းဟောင်း ဒေါ့မွန်အသင်းကိုသာ ပြန်ပြီးသွားရောက်ချင်နေတာ ဖြစ်ပါတယ်။ 

ဆန်ချိုနဲ့အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ဆန်ချိုဟာ ၂၀၂၁ ခုနှစ်က ပေါင် ၇၃ သန်းနဲ့ ဒေါ့မွန်အသင်းက ထွက်ခွာပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ လာခဲ့တာပါ။ 

ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို နည်းပြ အဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာတွေကြောင့် အခုအပြောင်းအရွှေ့မှာ အသင်းကထွက်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၀၀,၀၀၀ ရရှိနေတာကြောင့် သူ့ကို ခေါ်ယူ ချင်နေတဲ့ အသင်းတွေဟာ သူ့ရဲ့ လုပ်ခလစာကို ပေးချေဖို့ အခက်တွေ့နေကြတာပါ။ 

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဆန်ချိုအငှားနဲ့ ထွက်ခွာချိန်မှာ သူ့ရဲ့ လုပ်ခလစာ တစ်စိတ်တစ်ပိုင်းကို ဆက်ပြီးပေးချေရဖို့ရှိနေတာ ဖြစ်ပါတယ်။ 

အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ သြဂုတ် ၂၆ ရက်က ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၈၂ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူကာ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမယ်လို့ Transfermarkt က ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: ESPN