CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃၀

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီက သူဟာ အေစီမီလန်အသင်းရဲ့ ပရိသတ်ဖြစ်တာကြောင့် အီတလီမှာ ကစား ဖြစ်မယ်ဆိုရင် အေစီမီလန်အသင်းမှာ ကစားချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဘတ်ပီက “ကျနော်ဟာ ကလေးဘဝကတည်းက မီလန်ရဲ့ အမာခံပရိသတ်ပါ။ အဲဒါကြောင့် ကျနော်တစ်နေ့နေ့ အီတလီမှာ ကစားဖြစ်ခဲ့မယ်ဆိုရင် အေစီမီလန်မှာ ကစားချင်တယ်လို့ အမြဲတမ်းပြောခဲ့ပါတယ်။ ဘာဖြစ်လာနိုင် မလဲဆိုတာ မသိပေမယ့် ကျနော်ဟာ အေစီမီလန်ပါဝင်တဲ့ အီတလီလိဂ်ပွဲတိုင်းကို အခုထိ ကြည့်ဖြစ်ပါတယ်။ ကျနော့်ရဲ့ မိသားစုဟာ အေစီမီလန်ရဲ့အမာခံ ပရိသတ်တွေဖြစ်တယ်”လို့ Sky Sport Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဇွန်လအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ် နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ နှစ်ဖက်စလုံးက ဒီအပြောင်းအရွှေ့ကို ကြေညာဖို့ရှိနေတာ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းအတွက် ၃၀၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၅၆ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းနဲ့ အပြောင်းအရွှေ့ မကြေညာခင်မှာတင် အေစီမီလန်အသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အစီအစဉ်ကို ပြောလာခဲ့တာပါ။ 

အဲဒါကြောင့် ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ကစားပြီးရင် အီတလီစီးရီးအေမှာ သွားရောက် ကစားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီဟာ ပြီးခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲမှာ အကောင်းဆုံး ကစားသမားဆုကို ရယူပြီးနောက် သူ့ရဲ့ အသင်းသစ်ကို ရက်ပိုင်းအတွင်း သိရမှာပါလို့ CNN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ဘတ်ပီဟာ လက်ရှိ အချိန်မှာတော့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်ဖို့အတွက် လေ့ကျင့်မှုတွေ စတင်နေတဲ့ ပြင်သစ်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဂျာမနီကို မသွားရောက်ခင်မှာ လူဇင်ဘတ်၊ ကနေဒါအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာပါ။

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သြစတြီးယား၊ နယ်သာလန်၊ ပိုလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၇ ရက်မှာ သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Sportsmole