CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၁

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာမယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကနေ ကြေညာသွားခဲ့ပါတယ်။

ဘတ်ပီက “အချိန်တန်ရင် စကားပြောမယ်လို့ ကျနော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ဒီနှစ်က ပီအက်စ်ဂျီမှာ ကျနော့်ရဲ့ နောက်ဆုံးနှစ်ပါ။ စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ ဒီစွန့်စားခန်းကို ရက်သတ္တပတ် အနည်းငယ် အတွင်း အဆုံးသတ်တော့မှာပါ။ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ထွက်ခွာတော့မယ်လို့ ကြေညာရတာဟာ ခက်ခဲပါတယ်။ ၇ နှစ်အကြာမှာ စိန်ခေါ်မှုအသစ် လိုအပ်တယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့ပါတယ်။

ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားဟာ နွေရာသီမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းအတွက် ၂၅၅ ဂိုး သွင်းယူထားပြီး စံချိန်တင် ဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ ဘတ်ပီဟာ တနင်္ဂနွေနေ့မှာ သူ့ရဲ့ ပီအက်စ်ဂျီအသင်းကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် တူးလူးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကို ၂၀၁၇ ခုနှစ်၊ သြဂုတ်က ပေါင် ၁၆၅.၇ သန်းနဲ့ မိုနာကိုအသင်းကနေ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီဟာ သူ့ရဲ့ ပီအက်စ်ဂျီအသင်း ကစားသမားဘဝ နောက်ဆုံးရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ် ထားခဲ့ပေမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို အရေးနိမ့်ပြီးနောက် အသင်းက ထွက်ခွာမယ့်အကြောင်းကို ကြေညာခဲ့ပါတယ်။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းနဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၂.၈ သန်းနဲ့ လက်မှတ် ထိုးကြေးအတွက် ပေါင် ၁၂၈ သန်းရရှိမယ်လို့ သိရပါတယ်။

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် အပြီးမှသာ ဘတ်ပီကို ခေါ်ယူနိုင်ကြောင်း ကြေညာဖို့ ရှိနေတာပါ။ 

နွေရာသီမှာ မိုဒရစ်အသင်းကနေ ထွက်ခွာမှာ ဖြစ်တာကြောင့် ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

Source: BBC