CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃၀

အီတလီနဲ့ ဂျူဗင်တပ်စ်အသင်း နောက်ခံလူဟောင်း ဘိုနူချီဟာ ၁၉ နှစ်ကြာ ကစားခဲ့တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ 

အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုနူချီဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂ ကြိမ်ကစားခဲ့ပြီး စီးရီအေဖလား ၈ ကြိမ်၊ ကိုပါအီတာလီယာဖလား ၄ ကြိမ်နဲ့ အီတလီစူပါဖလား ၅ ကြိမ်ရယူနိုင်ခဲ့တာပါ။ 

ဂျူဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော် ပါဝင်ကစားခဲ့တဲ့ ဘိုနူချီဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ အသင်းက ထွက်ခွာခဲ့ပြီး ဘွန်ဒက်လီဂါကလပ် ယူနီယံဘာလင်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဒါပေမယ့် အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမားဟာ ယူနီယံဘာလင်အသင်းမှာ ရာသီဝက်သာကစားပြီး တူရကီ ကလပ် ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ဘိုနူချီဟာ ဖီနာဘာချီအသင်းအတွက် ၁၃ ပွဲ ကစားခဲ့ပြီး ရာသီအကုန်မှာ ကစားသမားဘဝက အနားယူပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ 

ဘိုနူချီကိုတွေ့ရစဉ်

ဘိုနူချီဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ အင်တာမီလန်၊ ထရီဗီဆို၊ ပီဆာ၊ ဘာရီနဲ့ အေစီမီလန်အသင်း တွေမှာလည်း ကစားခဲ့တာပါ။ 

ဘိုနူချီဟာ ကလပ်အသင်း အများအပြားမှာ ကစားခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာ ကာလရှည်ကြာ ကစားခဲ့ပြီး ပထမအကြိမ် ကစားခဲ့တုန်းက ၇ ရာသီ၊ ဒုတိယအကြိမ်မှာတော့ ၅ ရာသီကြာ ကစားခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းက ဘိုနူချီအနေနဲ့ အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ 

ဘိုနူချီဟာ အီတလီအသင်းမှာ ၂၀၁၀ ခုနှစ်က စတင်ကစားပြီး ပွဲပေါင်း ၁၂၁ ပွဲ ပါဝင်ကစားခဲ့ကာ အင်္ဂလန်အသင်းနဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ၈ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဘိုနူချီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အီတလီအသင်းမှာ ရွေးချယ်ခံရဖို့ မျှော်လင့်ခဲ့ပေမယ့် ရွေးချယ်ခံရခြင်း မရှိတာပါ။

ဘိုနူချီဟာ အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ချန်ပီယံဆုအပြင် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ တတိယ ၁ ကြိမ်၊ နေးရှင်းလိဂ်ပြိုင်ပွဲမှာ တတိယ ၂ ကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: DailyMail