CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃၁

ဘရာဇီးလ်ဂန္ထဝင် ရီဗယ်လ်ဒိုက ရီးရယ်လ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်း အနိုင် ရမယ်လို့ ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။

ရီဗယ်လ်ဒိုက “ရီးရယ်လ်အသင်းက ဗိုလ်လုပွဲမှာ ရေပန်းအစားဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းက ချန်ပီယံဖြစ်မယ်လို့ ကျနော်ပြောချင်ပါတယ်။ ရီးရယ်လ်အသင်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားတာ သေချာပေမယ့် ဒေါ့မွန်အသင်းကလည်း ယုံကြည်မှုအပြည့်နဲ့ ရောက်လာပါတယ်။ ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ၂ ပွဲစလုံးအနိုင်ရခဲ့ပြီး ဒီပြိုင်ပွဲမှာ ဘယ်လိုကစားရမလဲနဲ့ ခက်ခဲတဲ့ပွဲတွေမှာ ဘယ်လိုကစားရမလဲဆိုတာ သိပါ တယ်။ အဲဒါကြောင့် ကျနော်က ဒေါ့မွန်အသင်း ချန်ပီယံဖြစ်မယ်လို့ထင်ပါတယ်”လို့ Betfair မှာ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၄ ကြိမ်ရရှိထားပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ နောက်ဆုံး ၈ ကြိမ်စလုံးလည်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁ ကြိမ်သာ ဗိုလ်စွဲခဲ့ပြီး ၂၀၁၂-၁၃ ရာသီက ဗိုလ်လုပွဲတက်ခဲ့တာမှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့တာပါ။

လက်ရှိ အချိန်မှာ နှစ်သင်းကြားကွာခြားမှုအနည်းငယ်ရှိနေတဲ့အတွက် ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရယ်လ်အသင်းပဲ ဗိုလ်စွဲမယ်လို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ဒါပေမယ့် ရီဗယ်လ်ဒိုကတော့ ဒီနှစ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်း ချန်ပီယံဖြစ်မယ်လို့ ယုံကြည်နေတာပါ။ 

ဒေါ့မွန် အသင်းနည်းပြ တာဇစ်က ပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရီးရယ်လ်အသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်တိုင်း အနိုင်ရတဲ့ မှတ်တမ်းကောင်းကို သူတို့ရပ်တန့်ပစ်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ 

ရီးရယ်လ်နဲ့ ဒေါ့မွန်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၄ ကြိမ်တွေ့ဆုံထားပြီး ရီးရယ်လ် အသင်းက ၆ ကြိမ် အနိုင်ရရှိကာ ဒေါ့မွန်အသင်းက ၃ ကြိမ်အနိုင်ရပြီး သရေရလဒ်က ၅ ကြိမ်ထွက်ပေါ်ခဲ့တာပါ။

ဒီနှစ်သင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ ၂၀၁၇-၁၈ ရာသီမှာ ရီးရယ်လ်အသင်းဟာ ၂ ပွဲ စလုံးအနိုင်ရယူခဲ့ပါတယ်။ ရီးရယ်လ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဇွန် ၂ ရက် မနက်ပိုင်း ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source:Metro