CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃၁

အာဂျင်တီးနားအသင်းဟာ ဂါနာချိုကို လာမယ့်အိုလံပစ်ပြိုင်ပွဲမှာ အသုံးပြုနိုင်ဖို့အတွက် ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

အာဂျင်တီးနား ယူ-၂၃ အသင်းနည်းပြ မာရှေယာနိုဟာ နွေရာသီအိုလံပစ်ပြိုင်ပွဲအတွက် ဂါနာချိုကို အသင်းထံ စေလွှတ်ပေးဖို့ ယူနိုက်တက်အသင်းထံ တရားဝင် တောင်းဆိုထားတယ်လို့ TNT Sports က ဖော်ပြထားတာပါ။ 

ဒါပေမယ့် အာဂျင်တီးနားအသင်းဟာ ယူနိုက်တက်အသင်းဆီကနေ အကြောင်းပြန်မှုကို မရရှိသေးပါဘူး။ 

မာရှေယာနိုဟာ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ် အတွက်လည်း ချယ်လ်ဆီး အသင်းဆီကနေ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

အာဂျင်တီးနား ယူ-၂၃ အသင်းဟာ အိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် ဂါနာချိုနဲ့ အန်ဇိုဖာနန်ဒက်ဇ် အပြင် အက်စတွန်ဗီလာအသင်း ဂိုးသမား အီမီမာတီနက်ဇ်ကိုပါ ခေါ်ယူချင်နေတာပါ။ 

ဂါနာချိုဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားအသင်းရဲ့ ပဏာမလူစာရင်းမှာ အန်ဇိုဖာနန်ဒက်ဇ်၊ အီမီမာတီနက်ဇ်တို့နဲ့အတူ ရွေးချယ်ခံထားရပါတယ်။

 ဂါနာချိုကို တွေ့ရစဉ် 

ဂါနာချိုအနေနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲအတွက် အာဂျင်တီးနားအသင်းရဲ့ အပြီးသတ် လူစာရင်းမှာ ပါဝင်ပြီး အိုလံပစ်ပြိုင်ပွဲမှာပါ ထပ်မံ ပါဝင်ကစားခဲ့ရင် ယူနိုက်တက်အသင်းအတွက် အခက်တွေ့နိုင်တာ ဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်မှာစတင်မယ့် ကိုပါအမေရိကဖလားပြိုင်ပွဲဟာ ဇူလိုင် ၁၄ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး အိုလံပစ် ဘောလုံးပြိုင်ပွဲက ဇူလိုင် ၂၄ ရက်က စတင်ကာ သြဂုတ် ၁၀ ရက်မှာ ပြီးဆုံးမှာပါ။ 

ယူနိုက်တက်အသင်းဟာ သြဂုတ် ၁၀ ရက်မှာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကစားဖို့ ရှိနေတာကြောင့် ဂါနာချိုကို အာဂျင်တီးနား အိုလံပစ်အသင်းထံ စေလွှတ်ပေးဖို့ ဆုံးဖြတ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

အိုလံပစ်ပြိုင်ပွဲထံ စေလွှတ်ခဲ့ရင် ဂါနာချိုဟာ ယူနိုက်တက်အသင်းရဲ့ ရာသီသစ် ပရီးမီးယားလိဂ်ပွဲစဉ် အချို့ကို လည်း လွဲချော်နိုင်တာပါ။

ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal