CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁

အယ်လ်နာဆာအသင်းဟာ ဆော်ဒီဘုရင့်ဖလားဗိုလ်လုပွဲမှာ အယ်လ်ဟီလယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီးနောက် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ ဗိုလ်လုပွဲဟာ ပွဲကစားချိန်မိနစ် ၉၀ အတွင်း ၁ ဂိုးစီ သရေကျခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။ 

ပင်နယ်တီမှာ အယ်လ်ဟီလယ်အသင်းက ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရပြီး ဆော်ဒီဘုရင့်ဖလား ချန်ပီယံဆုကို ရယူ သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အယ်ဟီလယ်အသင်းဟာ ဒီရာသီမှာ အမှတ်ပေးလိဂ်၊ ဘုရင့်ဖလားနဲ့ စူပါဖလားတို့ကို ရယူနိုင်ခဲ့တာပါ။

အယ်လ်နာဆာအသင်းကတော့ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတာကြောင့် ရော်နယ်ဒိုဟာ ငိုကြွေး နေခဲ့ပြီး အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေက သူ့ကိုဝိုင်းပြီး နှစ်သိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်း အောင်ပွဲခံနေစဉ်

ရော်နယ်ဒိုဟာ ဒီဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာကြောင့် အလွန်စိတ်ပျက်ပြီး စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့တာပါ။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ရာသီအပြည့် ကစားခဲ့ရတဲ့ ဒီရာသီမှာ စံချိန်တင် ၃၅ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အသင်းကို ဆုဖလားအောင်မြင်မှုတော့ ရယူပေးနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီဘုရင့်ဖလား ချန်ပီယံဆုကို နောက်ဆုံး ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တာ အပါအဝင် ဆုဖလားကို ၁၁ ကြိမ်အထိ ရယူထားတာပါ။ 

ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ နေမာဟာ ပွဲအပြီး ဆုဖလား အောင်ပွဲခံ အခမ်းအနားမှာ အသင်းနဲ့အတူ အောင်ပွဲခံမှုပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

Source: ESPN