CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁

ဒေါ့မွန်အသင်းနည်းပြ တာဇစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဗိုလ်စွဲဖို့ ရီးရယ်လ်အသင်းက ရေပန်းအစားဆုံး ဖြစ်ပေမယ့် သူတို့ဒါကို ဂရုစိုက်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

တာဇစ်က “ကျနော်တို့ဟာ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ရီးရယ်လ်နဲ့ ကစားရမှာဟာ ခက်ခဲမှာဖြစ်ပေမယ့် တစ်ပွဲတည်း ဗိုလ်လုပွဲမှာ အရာအားလုံးဖြစ်အောင်လုပ်နိုင်ပါတယ်။ ဗိုလ်စွဲဖို့ သူတို့ ရေပန်းစား တယ်ဆိုတာ ရှင်းပါတယ်။ ကျနော်တို့ ဒါကိုဂရုစိုက်မှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ အသလက်တီကိုနဲ့ ပီအက်စ်ဂျီတို့ပွဲတွေမှာလည်း ရေပန်းမစားပါဘူး။ ဗိုလ်လုပွဲမှာ အနိုင်ရဖို့က ကျနော်တို့ရဲ့ ရည်မှန်းချက်ပါ “လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ၂၀၁၃ ခုနှစ်က ဝင်ဘာလေ ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ပြီးနောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင် ခဲ့တာ ဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်အုပ်စု အဆင့်မှာ အေစီမီလန်၊ နယူးကာဆယ်အသင်းတို့ကို ကျော်ဖြတ်နိုင် ခဲ့သလို ၁၆ သင်းအဆင့်မှာ PSV ၊ ကွာတားဖိုင်နယ်မှာ အသလက်တီကို၊ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းတို့ကို အနိုင်ယူကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။

ဒေါ့မွန်အသင်းကို တွေ့ရစဉ်

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြီးခဲ့တဲ့နွေရာသီက ရီးရယ်လ်အသင်းကို ရောင်းခဲ့တဲ့ ကစားသမား ဟောင်း ဘယ်လင်ဂမ်နဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ 

ဒီပွဲစဉ်မှာ ဒေါ့မွန်အသင်း ကွင်းလယ်လူ မာကိုရူးစ်နဲ့ ရီးရယ်လ်အသင်း ကွင်းလယ်လူ တိုနီကရူးစ်တို့ဟာ သူတို့ရဲ့ ကလပ်တွေအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားကြမှာလည်း ဖြစ်တာပါ။ 

ဒေါ့မွန်အသင်း နောက်ခံလူ ရှလိုတာဘတ်က သူတို့ဟာ ပီအက်စ်ဂျီအသင်းကို ပေးဂိုးမပေးရဘဲ ၂ ပွဲစလုံး အနိုင်ယူခဲ့သလို ရီးရယ်လ်အသင်းကို အနိုင်ရယူဖို့အတွက် အခွင့်အရေးကောင်းတွေ ရှိတယ်ဆိုတာ ယုံကြည် တယ်လို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းကတော့ ချန်ပီယံလိဂ်ဖလားကို စံချိန်တင် ၁၅ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: ESPN