CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂

၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ ရီးရယ်လ်အသင်းက ဒေါ့မွန်အသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကိုစံချိန်တင် ၁၅ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ တိုက်စစ်မှူး ဖူလ်ခရက်နဲ့ တောင်ပံကစားသမား အဒီယီမီတို့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ လွဲချော်ခဲ့တာကြောင့် ဒေါ့မွန်အသင်း နစ်နာခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ ရီးရယ်လ်အသင်းဟာ အနိုင်ဂိုးရဖို့ ဖိအားပေး ကစားခဲ့တာကြောင့် ပွဲချိန် ၇၄ မိနစ်မှာ ကာဗာဂျဲလ်၊ ၈၃ မိနစ်မှာ ဗီနီစီးယက်စ်တို့က အနိုင်ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရီးရယ်လ် အသင်းဟာ ဒေါ့မွန်အသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် နည်းပြ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ် ရယူနိုင်တဲ့ နည်းပြဖြစ်လာခဲ့သလို ကစားသမားတွေဖြစ်တဲ့ တိုနီကရူးစ်၊ ကာဗာဂျဲလ်၊ မိုဒရစ်နဲ့ နာချိုတို့ဟာ ရီးရယ်လ်အသင်းဂန္ထဝင် ပါကိုဂန်တိုနဲ့ အတူ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ် ရယူနိုင်တဲ့သူတွေအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

အန်ဆယ်လော့တီက "ဒေါ့မွန်အသင်းဟာ ကျနော်တို့ထက် ပိုကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် သူတို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ပိုကောင်းအောင် ကစားခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဘယ်တော့မှ အရှုံးမပေးဘဲ အဆုံးထိ တိုက်ပွဲဝင်ခဲ့တာကြောင့် ကျေနပ်ပါတယ်။ ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည်က အံ့မခန်းပါပဲ"လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ခဲ့တဲ့ နောက်ဆုံး ၂ ကြိမ်စလုံးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Source: ESPN