CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃

တူရကီကလပ် ဖီနာဘာချီအသင်းဟာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း မိတ်ဆက်မှုပြုလုပ်သွားခဲ့ပါတယ်။

ဖီနာဘာချီအသင်းအိမ်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲမှာ ပရိသတ်ထောင်ပေါင်းများစွာတက်ရောက်ခဲ့ကြပြီး နည်းပြသစ် မော်ရင်ဟိုကို ကြိုဆိုမှုတွေပြုလုပ်ခဲ့ကြတာပါ။ 

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းပရိသတ်တွေနဲ့ ပွေ့ဖက် နှုတ်ဆက်ခဲ့ပြီး ဓါတ်ပုံရိုက်ကူးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် ဖီနာဘာချီအသင်းနဲ့အတူ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက် လာခဲ့တာပါ။

မော်ရင်ဟိုက “ပုံမှန်ဆိုရင် အောင်ပွဲတွေရရှိပြီးမှသာ နည်းပြတစ်ဦးကို ချစ်ခင်နှစ်သက်မှုတွေရှိပေမယ့် ဒီမှာတော့ အောင်ပွဲတွေမရခင်မှာတင် ချစ်ခြင်းမေတ္တာတွေကို ကျနော်ခံစားနေရပါတယ်။ အဲဒါကြောင့် ကျနော်ဟာ ကြီးမား တဲ့ တာဝန်တစ်ခုရှိသွားပြီလို့ ခံစားရပြီး ဖီနာဘာချီအသင်းအင်္ကျီက ကျနော့်ရဲ့အရေပြားပဲဆိုတာ ခင်ဗျားတို့ကို ကတိပေးပါတယ်။ ခင်ဗျားတို့ရဲ့ အိပ်မက်တွေဟာ ကျနော့်ရဲ့အိပ်မက်တွေပါပဲ” လို့ ဖီနာဘာချီ အသင်းဂျာစီကို ဝှေ့ယမ်းပြီး ပရိသတ်တွေကို ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ ထွက်ခွာသွားခဲ့တဲ့ အစ္စမေးလ်ကာတဲလ်ရဲ့နေရာမှာ ဖီနာဘာချီအသင်းနည်းပြသစ်အဖြစ် ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီက တူရကီလိဂ်ပြိုင်ပွဲမှာ ရမှတ် ၉၉ မှတ်အထိ ရယူနိုင်ခဲ့ပေမယ့် ဂါလာတာစာရေးအသင်းရဲ့နောက် ၃ မှတ်အကွာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဖီနာဘာချီအသင်းဥက္ကဋ္ဌ အလီကော့က မော်ရင်ဟိုဟာ တခြားအသင်းတွေမှာ အောင်မြင်မှု တွေရယူနိုင်ခဲ့သလို သူတို့ကိုလည်း အောင်မြင်မှုတွေရယူပေးနိုင်မှာ သေချာတယ်လို့ ပြောခဲ့တာပါ။

ဖီနာဘာချီအသင်းဟာ တူရကီလိဂ်ပြိုင်ပွဲမှာ ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာ ခဲ့တာကြောင့် မော်ရင်ဟိုဟာ အသင်းကို ချန်ပီယံဆုဖလား ပြန်လည်ရရှိနိုင်အောင် ကိုင်တွယ်ပေးရတော့မှာ ဖြစ်ပါတယ်။

Source:DailyMail