CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅

မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းက မယုံနိုင်ဖွယ်ရာ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းမှုတွေကြောင့် ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဒီဘရိုင်းက “ကျနော့်ရဲ့ အသက်အရွယ်အရ အရာအားလုံးကို လမ်းဖွင့်ထားရပါမယ်။ ကျနော့်ရဲ့ ကစားသမားဘဝ အဆုံးသတ်ဖို့ ရောက်လာတဲ့အချိန်မှာ မယုံနိုင်ဖွယ်ရာ ငွေကြေးပမာဏအကြောင်းကို ပြောနေကြတာပါ။ ဒီအကြောင်းကို စဉ်းစားရမှာပါ။ ကျနော်အဲ့ဒီမှာ ၂ နှစ်လောက်ကစားရင် မယုံနိုင်လောက်တဲ့ ငွေကြေးပမာဏကို ရရှိမှာဖြစ်ပါတယ်။ ဒီမတိုင်ခင် ၁၅ နှစ်ကြာ ဘောလုံးကစားခဲ့ပေမယ့် ဆော်ဒီမှာ ၂ နှစ် ကစားရင်ရမယ့် ပမာဏကို မရရှိသေးပါဘူး။ အဲဒါကြောင့် ဒါကို စဉ်းစားရမှာပါ”လို့ ဘယ်လ်ဂျီယံသတင်းစာ HLN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါ တယ်။

မန်စီးတီးအသင်းနဲ့ စာချုပ်တစ်နှစ်ပဲ ကျန်ရှိတော့တဲ့ ဒီဘရိုင်းဟာ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ ချိတ်ဆက် မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။

ဒီဘရိုင်းရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့လက ၃ ရက်အတွင်း ဆော်ဒီကလပ် ၁၀ သင်းဆီ သွားရောက်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ESPN ကို ပြောခဲ့တာပါ။

ဒီဘရိုင်းကို တွေ့ရစဉ်

 ဘယ်လ်ဂျီယံ ကစားသမား ကိုယ်တိုင်ကလည်း ဆော်ဒီလိဂ်ရဲ့ မက်လောက်စရာ ငွေကြေးကမ်းလှမ်းမှုတွေဟာ သူ့ကို သွားရောက်ကစားစေဖို့ ဆွဲဆောင်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက မန်စီးတီးအသင်းမှာ ရှိနေခဲ့တဲ့ ဒီဘရိုင်းဟာ အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူထားနိုင်ခဲ့တာပါ။ 

မေဂျာလိဂ် ကလပ်အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ဒီဘရိုင်းက အပြောင်းအရွှေ့တွေကို စတင်စဉ်းစားရ မယ့် အချိန်ရောက်ပြီလို့လည်း ပြောခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ လက်ရှိအချိန်မှာ ယူရိုပြိုင်ပွဲဝင်မယ့် ဘယ်လ်ဂျီယံအသင်းနဲ့အတူ ပြင်ဆင်နေ တာကြောင့် ပြိုင်ပွဲအပြီးမှ အပြောင်းအရွှေ့ကို ဆုံးဖြတ်ဖို့ရှိနေတာပါ။

ဒီဘရိုင်း ဦးဆောင်မယ့် ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆလိုဗက်ကီးယား၊ ရိုမေးနီးယား၊ ယူကရိန်း အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: ESPN