CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅

ယူနိုက်တက်အသင်း ကွင်းလယ်လူ ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ စပိန်တတိယတန်းကို တန်းတက်နိုင် ခဲ့တဲ့ မာဘယ်လာအသင်းရဲ့ ရှယ်ယာရှင်နဲ့ ဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။

ကတ်စမဲရိုးဟာ စပိန်အောက်တန်းလိဂ် ကလပ်ဖြစ်တဲ့ မာဘယ်လာအသင်းမှာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခဲ့တာပါ။ 

မာဘယ်လာအသင်းက ကတ်စမဲရိုးဟာ သူတို့အဖွဲ့အစည်းရဲ့ ရှယ်ယာရှင်အသစ် ဖြစ်လာတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း က ကြေညာမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဘရာဇီးလ်ကွင်းလယ်လူဟာ စပိန်ကလပ်ရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အသစ်လည်း ဖြစ်လာခဲ့တာပါ။ 

အသက် ၃၂ နှစ်အရွယ်ရှိ ကတ်စမဲရိုးက မာဘယ်လာအသင်းမှာ ရင်းနှီးမြှုပ်နှံခွင့်ရတဲ့အတွက် ဂုဏ်ယူမိပြီး အသင်း နဲ့အတူ အမြင့်ဆုံးအဆင့်ကို ရောက်ရှိဖို့အတွက် အိပ်မက်အကြီးကြီး မက်ကြမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကတ်စမဲရိုးဟာ သူ့ရဲ့ကလပ် ယူနိုက်တက်အသင်းနဲ့ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် မာဘယ်လာ အသင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့တာပါ။ 

ကတ်စမဲရိုးကို တွေ့ရစဉ် 

၂၀၂၂ ခုနှစ်နွေရာသီက ရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ကာရာဘောင်းဖလား ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ 

ဒီရာသီမှာတော့ ကတ်စမဲရိုးဟာ ဒဏ်ရာတွေကြောင့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး မန်စီးတီးအသင်းကို အနိုင် ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ခွင့်မရခဲ့ပါဘူး။ 

ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အဖွဲ့အစည်းဟာ အသင်းရဲ့ ကစားသမား အများအပြားကို နွေရာသီမှာ ရောင်းချဖို့ လုပ်ဆောင်နေပြီး ဒီထဲမှာ ကတ်စမဲရိုးလည်း ပါဝင်နေတာပါ။ 

ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၅၀,၀၀၀ ရရှိနေပြီး စာချုပ်သက်တမ်းက ၂ နှစ် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ 

ကတ်စမဲရိုးကို ခေါ်ယူဖို့ သူ့ရဲ့ အသင်းဖော်ဟောင်း ရော်နယ်ဒိုရှိတဲ့ အယ်လ်နာဆာအသင်းက စိတ်ဝင်စား နေတာပါ။

ရော်နယ်ဒို ကိုယ်တိုင်ကလည်း ကတ်စမဲရိုး အပါအဝင် သူ့ရဲ့ အသင်းဖော်ဟောင်း အချို့ကို ပြန်လည်ခေါ်ယူကာ အယ်လ်နာဆာအသင်း အောင်မြင်မှုတွေ ရယူနိုင်အောင် လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။

Source: Metro