CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၈

ဥရောပပြေးခုန်ပစ် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမျိုးသမီး ကီလိုမီတာ ၂၀ အပြေးလမ်းလျှောက်ပြိုင်ပွဲမှာ စပိန်နိုင်ငံက ဂါစီယာကာရိုဟာ ပြိုင်ပွဲကို အဆုံးသတ်မယ့် စည်းထဲကို မဝင်ရောက်ခင်မှာ အောင်ပွဲကြိုပြီး ခံခဲ့တာကြောင့် ကျော်တက်ခံခဲ့ရပြီး ကြေးတံဆိပ်နဲ့ လွဲချော်သွားခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ အီတလီနိုင်ငံသူတွေဖြစ်တဲ့ ပယ်လ်မီဆာနိုက ရွှေတံဆိပ်ရရှိခဲ့ပြီး တီရာပလက်တီက ငွေတံဆိပ်နဲ့ ယူကရိန်းနိုင်ငံသူ အိုယန်နိုဗာဆကာက ကြေးတံဆိပ် ရရှိသွားခဲ့တာပါ။

စပိန်နိုင်ငံအလံကို လည်ပင်းပေါ်မှာ ပတ်ထားတဲ့ ဂါစီယာကာရိုဟာ ဒီပြိုင်ပွဲမှာ ကြေးတံဆိပ် ရယူနိုင်ဖို့ နီးစပ်ခဲ့တာ ကြောင့် ပျော်ရွှင်ပြီး လက်ကိုမြှောက်ကာ အောင်ပွဲခံနေခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် နောက်ဆုံး ၅ မီတာမှာ အိုယန်နိုဗာဆကာက သူမကို ကျော်တက်သွားခဲ့တာကြောင့် ဂါစီယာကာရိုဟာ အလွန်အံ့အားသင့်နေခဲ့တာပါ။

အိုယန်နိုဗာဆကာက “ကြေးတံဆိပ်ဆု ရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်စရာ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အရေးကြီးဆုံး က အဖေ၊အမေနဲ့ ယူကရိန်းတစ်နိုင်ငံလုံးကို ကျေးဇူးတင်ကြောင်း ပြောဖို့လိုပါတယ်။ ကျမအတွက်တော့ အလွန် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်ပါ။ နောက်ဆုံး ကီလိုမီတာနဲ့ နောက်ဆုံးမီတာမှာ ပင်ပန်းခဲ့ပေမယ့် တိုင်းပြည်အတွက် ဒီဆုတံဆိပ်ကို အရမ်းလိုချင်ခဲ့တာပါ”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဂါစီယာကာရိုနဲ့ အိုယန်နိုဗာဆကာကို တွေ့ရစဉ်

ဂါစီယာကာရိုဟာ သူမရဲ့ ကစားသမားဘဝမှာ အဓိကဆုတံဆိပ် ရယူဖို့ လွဲချော်ခဲ့တာကြောင့် ပွဲအပြီးမှာ အလွန် စိတ်ပျက်နေခဲ့တာပါ။

ဂါစီယာကာရိုက “နောက်ဆုံးလမ်းကြောင်းမှာ ကျမ အလွန်ပင်ပန်းနေခဲ့ပြီး ဒီပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ခဲ့ပါ တယ်။ ဆုတံဆိပ် မရခဲ့တဲ့အတွက် အလွန်စိတ်ပျက်မိပါတယ်။ နောက်ဆုံး ၁၀ မီတာအလိုမှာ ကျမ ဒီဆုတံဆိပ်ကို ရမယ်လို့ထင်ခဲ့ပေမယ့် မရခဲ့ပါဘူး။ အခုဖြစ်ပျက်ခဲ့တာတွေကို စုစည်းပြီး ကျမရဲ့နှလုံးသားကို ကုစားရမယ်”လို့ ဒေသတွင်း မီဒီယာကို ပြောခဲ့ပါတယ်။

ဥရောပပြေးခုန်ပစ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန်လ ၇ ရက်ကနေ ၁၂ ရက်အထိ အီတလီနိုင်ငံမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

Source: CNA