CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၈

ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လက်စတာအသင်းဟာ ဝါရင့်တိုက်စစ်မှူး ဗာဒီကို ၁ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက လက်စတာအသင်းမှာရှိခဲ့တဲ့ ဗာဒီဟာ အသင်းအတွက် ၄၆၄ ပွဲ ပါဝင်ကစားထားပြီး ၁၉၀ ဂိုး သွင်းယူထားတာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ဗာဒီဟာ လက်စတာအသင်းနဲ့ ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့သလို ၂၀၂၀-၂၁ ရာသီမှာ FA ဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါအပြင် ဗာဒီဟာ လက်စတာအသင်းနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့တာပါ။

ဗာဒီဟာ စာချုပ်သစ်ကြောင့် လက်စတာအသင်းမှာ လာမယ့်ရာသီအကုန်ထိ ဆက်ပြီးရှိမှာ ဖြစ်ပါတယ်။

ဗာဒီက “အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲလို့ ကျနော်အမြဲတမ်း ပြောခဲ့ပါတယ်။ ကျနော်တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နောက်ထပ် ရာသီတစ်ခုကို စောင့်မျှော်နေပြီး ဘာတွေလုပ်နိုင်မလဲဆိုတာ မြင်တွေ့ရမှာပါ။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်ပြီး အဲဒီမှာ ဘောလုံးကစားချင်တာပါ”လို့ ပြောပါတယ်။

ဗာဒီကို တွေ့ရစဉ်

လက်စတာအသင်းဟာ ဗာဒီနဲ့အတူ နောက်ခံလူ ဗက်စ်တာဂတ်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် လက်စတာအသင်းဟာ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ အယ်လ်ဘရိုက်တန်၊ အီဟီနာချိုနဲ့ ပရက်တို့ကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့တာပါ။ 

အယ်လ်ဘရိုက်တန်ဟာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊FA ဖလား၊ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့ပြီး အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်း ကစားသမားဟောင်း အီဟီနာချိုဟာ လက်စတာအသင်းမှာ ၇ နှစ်ကြာ ကစားခဲ့ပြီး FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့တာပါ။ 

လက်စတာအသင်းဟာ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူ အန်ဒီဒီနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါအပြင် လက်စတာအသင်းဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တဲ့ နည်းပြ မာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။

Source:BBC