CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀

အာဂျင်တီးနားအသင်းဟာ အီကွေဒေါအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မက်ဆီ အပါအဝင် ကစားသမား အချို့ကို မိနစ်အနည်းငယ်ပဲ အသုံးပြုတာက သူတို့ကို စွန့်စားဖို့မလိုအပ်သလို ဂရုစိုက်ချင်တာကြောင့် ဖြစ်တယ်လို့ နည်းပြ စကာလိုနီက ပြောခဲ့ပါတယ်။

စကာလိုနီက “မက်ဆီဆိုရင် သူ့ကို ကျနော်တို့ စွန့်စားဖို့ မလိုအပ်ပါဘူး။ သူတင်မဟုတ်ဘဲ အော်တာမန်ဒီတို့လို တခြားသူတွေလည်း ဒီပွဲကို မကစားခဲ့ရပါဘူး။ ဒီမာရီယာလည်း မိနစ်အနည်းငယ်ပဲ ကစားခဲ့ရပြီး အယ်လ်ဗားရက်ဇ်နဲ့ လောတရိုမာတီနက်ဇ်လည်း ဒီလိုပါပဲ။ ကျနော်တို့ဟာ ကစားသမားတွေကို ဂရုစိုက်ချင်ပြီး ပြိုင်ပွဲကို တတ်နိုင်သမျှ အကောင်းဆုံး အခြေအနေနဲ့ ရောက်ရှိချင်တာပါ”လို့ ပြောပါတယ်။

အီကွေဒေါအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်းအတွက် တစ်လုံးတည်းသော ဂိုးကို တောင်ပံကစားသမား ဒီမာရီယာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ၆ လအကြာမှ သူ့ရဲ့ပထမဆုံး နိုင်ငံတကာပွဲစဉ်အဖြစ် ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၆ မိနစ်မှာ ဒီမာရီယာရဲ့နေရာ လူစားလဲ ဝင်ရောက်ကစားခဲ့တာပါ။

အာဂျင်တီးနားအသင်းကို တွေ့ရစဉ်

ပြီးခဲ့တဲ့ အယ်လ်ဆာဗေးဒိုး၊ ကော်စတာရီကာ အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ မက်ဆီဟာ တံကောက်ကြောဒဏ်ရာ ကြောင့် အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ ဒီမာရီယာဟာ အာဂျင်တီးနားအသင်းအတွက် ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အာဂျင်တီးနားကစားသမားဘဝ သွင်းဂိုးဟာ ၃၁ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်တာပါ။ 

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ မတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဇွန်လ ၁၅ ရက်မှာ ဂွါတီမာလာအသင်းနဲ့ ကစားဖို့ရှိနေပါတယ်။ 

ဒီခြေစမ်းပွဲပြီးရင်တော့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားကို ကာကွယ်ရမယ့် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ဇွန်လ ၂၁ ရက်မှာ ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကနေဒါ၊ ချီလီ၊ ပီရူးအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: ESPN