CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုဟာ ဆလိုဗက်ကီးယားအသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာ ကစားသမား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ် အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

တီဒက်စ်ကိုက “ရှုံးနိမ့်ခဲ့တာကြောင့် ကျနော့်အတွက် နာကျင်ရပါတယ်။ လူတွေကို လက်ညှိုးမထိုးချင်ပါဘူး။ ကျနော်တို့ဟာ အကြောင်းအရာတွေ အများကြီး ပြောမယ်ဆိုတာ သေချာပေမယ့် အတွင်းပိုင်းမှာပဲ လုပ်မှာဖြစ်ပြီး မီဒီယာကနေ လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ဒီပွဲမှာ အခွင့်အရေး အများကြီးကို ဖန်တီးနိုင်ခဲ့ပြီး ဒီထဲက တစ်ကြိမ်သာ ရယူနိုင်ခဲ့ရင် ပွဲက လွယ်ကူသွားမှာပါ။ ရိုးရိုးသားသားပြောရရင် အသင်းကို တိုးတက်အောင်လုပ်ဖို့ ကျနော်ပြောနိုင်တဲ့ အရာအများကြီးမရှိပါဘူး”လို့ ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲစဉ်မှာ ဆလိုဗက်ကီးယားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး ယူရိုအဖွင့်ပွဲစဉ်ကို ရှုံးပွဲနဲ့ စတင်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရလဒ်တွေ ဆိုးရွားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းဟာ နည်းပြ တီဒက်စ်ကို လက်ထက် ၁၆ ပွဲမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ 

ဘယ်လ်ဂျီယံအသင်းကို တွေ့ရစဉ်

တိုက်စစ်မှူး လူကာကူဟာ ဒီပွဲမှာ အခွင့်အရေးတွေ အများကြီးကို လွဲချော်ခဲ့ပြီး သူသွင်းယူခဲ့တဲ့ ၂ ဂိုးကလည်း VAR ရဲ့ ပယ်ဖျက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်း ခေါင်းဆောင် ဒီဘရိုင်းက သူတို့ဟာ ဒီပွဲမှာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် သွင်းဂိုး မသွင်းနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဒီဘရိုင်းက “ပထမပိုင်း မိနစ် ၂၀ မှာ ကျနော်တို့ အလွန်ကောင်းမွန်ခဲ့ပေမယ့် အမှားအယွင်းကြောင့် အပြစ်ပေး ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပြီး အရှိန်ကိုလည်း မြှင့်နိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အရှုံးပေး ခဲ့ရပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ အနည်းဆုံးသရေ ၁ မှတ်တော့ ရယူနိုင်ခဲ့သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၂ ရက်မှာ ရိုမေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN