CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

ပြင်သစ်အသင်းက သြစတြီးယားအသင်းကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးသွားခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီဟာ ဆေးရုံကို ပို့ဆောင်ခံခဲ့ရပေမယ့် ခွဲစိတ်မှုခံယူဖို့ မလိုအပ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် က အတည်ပြုခဲ့ပါတယ်။

ပြင်သစ်အသင်းက သြစတြီးယားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘတ်ပီဟာ ဘောလုံးကို ခေါင်းတိုက်တာမှာ သြစတြီးယားအသင်း နောက်ခံလူ ဒန်ဆိုနဲ့ ထိခိုက်ပြီး နှာခေါင်းရိုး ကျိုးသွားခဲ့တာပါ။ 

အဲဒါကြောင့် ဘတ်ပီအနေနဲ့ ခွဲစိတ်မှုခံယူရရင် ယူရို ၂၀၂၄ ပြိုင်ပွဲကို လွဲချော်နိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘတ်ပီရဲ့ ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ခွဲစိတ်မှုခံယူဖို့ မလိုအပ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့တာပါ။

ဘတ်ပီအနေနဲ့ နှာခေါင်းရိုးကျိုးဒဏ်ရာကို ခွဲစိတ်ဖို့ မလိုအပ်ပေမယ့် လာမယ့်ပွဲစဉ်တွေမှာ မျက်နှာဖုံး တပ်ဆင်ပြီး ကစားသွားရမှာ ဖြစ်ပါတယ်။ 

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီရဲ့နှာခေါင်းဟာ အခြေအနေ ဆိုးတာကြောင့် သူတို့အတွက် ဆိုးရွားတဲ့ သတင်းဖြစ်ခဲ့ပေမယ့် လာမယ့်ပွဲတွေမှာ သူပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ တာပါ။ 

ဘတ်ပီကိုတွေ့ရစဉ်

ဘတ်ပီဟာ ဒီပွဲစဉ်မှာ လူစားမလဲခင် ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ရခဲ့ပေမယ့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘတ်ပီဟာ ယူရိုပြိုင်ပွဲမှာ အခုထိ သွင်းဂိုးမရရှိသေးတဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်ထားတာပါ။ 

ဒီပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကန်တီဟာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားခဲ့ပါတယ်။ 

ကန်တီဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့လို့ ယူရိုပြိုင်ပွဲဝင်မယ့် ပြင်သစ် လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံခဲ့ရတာပါ။

ကန်တီက “ကျနော်တို့ဟာ ဒီပွဲစဉ်မှာ အရာအားလုံး ပြီးပြည့်စုံခြင်း မရှိခဲ့ပေမယ့် လိုချင်တဲ့ရလဒ်တော့ ရရှိခဲ့ပါ တယ်။ ဒါက ကောင်းမွန်တဲ့ စတင်မှုပါ။ ပြင်သစ်အသင်းအတွက် ပြန်လာရတာဟာ ကျနော့်ကို ပျော်ရွှင်စေပါတယ်။ အပြောင်းအလဲတွေဖြစ်ခဲ့ပြီး ဒီဂျာစီကို ပြန်ဝတ်ဆင်ရတာဟာ အလွန်ကောင်းမွန်တဲ့ ခံစားမှုပါပဲ”လို့ ပြောခဲ့ပါ တယ်။

ပြင်သစ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန် ၂၁ ရက်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN