CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဖရန့်ဘတ်ဟတ်က သူတို့ဟာ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမယ့် MNL League Cup ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖရန့်ဘတ်ဟတ်က “ချန်ပီယံဖြစ်ဖို့ ကြိုးစားသွားပါမယ်။ ကြားရက်မှာ ကစားထားတဲ့ ခြေစမ်းပွဲတွေမှာ ရလဒ် ကောင်းတွေ ရရှိထားပါတယ်။ အားလုံးကလည်း ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ပွဲစဉ်တိုင်းမှာ တစ်ချိန်လုံး ပြိုင်ဘက်အသင်းကို ထိန်းချုပ်ထားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့အခု ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်နိုင်ခဲ့ပါတယ်"လို့ ပြောခဲ့တာပါ။

ရှမ်းယူနိုက်တက်အသင်းနဲ့ ဗိုလ်လုပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့အဓိကနောက်ခံလူ ဟိန်းဇေယျာလင်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြ ဖရန့်ဘတ်ဟတ်က အတည်ပြုထားပါတယ်။ 

ပြီးခဲ့တဲ့ ဆီမီး ဖိုင်နယ်ပွဲစဉ်တွေမှာ ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို အနိုင်ရခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို အနိုင်ရကာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။ 

ရှမ်းယူနိုက်တက်အသင်းဘက်မှာ လည်း အဓိကကွင်းလယ်လူ မာ့ခ်ဆာကီ ပွဲပယ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။

ရှမ်းယူနိုက်တက်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ဒီပွဲအတွက် ပြင်ဆင်ချိန် လုံလုံလောက်လောက်ရခဲ့ပြီး အနိုင် ရဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

ဦးမျိုးလှိုင်ဝင်းက “ဆီမီးဖိုင်နယ်ပွဲအပြီး ပြင်ဆင်ချိန် လုံလုံလောက်လောက်ရခဲ့ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အနိုင်ရဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ရန်ကုန်မှာ ကစားတဲ့ပွဲဖြစ်လို့ ရှမ်းပရိသတ်ထက် ရန်ကုန်ပရိသတ်က ပိုများမှာပါ။ ဒါက ပြဿနာမရှိပါဘူး။ ကျနော့် အသင်းသားတွေအပေါ် ယုံကြည်မှုရှိပါတယ်” လို့ပြောခဲ့တာပါ။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ MNL League Cup 2024 ဗိုလ်လုပွဲစဉ်ကို ဇွန် ၁၉ ရက် ညနေ ၅း၃၀ သုဝဏ္ဏကွင်းမှာ ကျင်းပသွားမယ်လို့ မြန်မာနေရှင်နယ်လိဂ်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။