CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉

ယူရိုပြိုင်ပွဲကို ၆ ကြိမ်မြောက် ယှဉ်ပြိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် အသင်းခေါင်းဆောင် ရော်နယ်ဒို စံချိန်တင်တဲ့ပွဲမှာ ပေါ်တူဂီအသင်းဟာ ချက်အသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ 

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ ချက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာပါ။ 

ဒီပွဲစဉ်မှာ ချက်အသင်းဟာ ပရိုဗော့ဒ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဟရာနက်က ကိုယ့်ဂိုးကိုယ် ပြန်သွင်းယူခဲ့လို့ ပွဲချိန်မိနစ် ၉၀ ပြည့်တဲ့အထိ ပေါ်တူဂီအသင်းနဲ့ ၁ ဂိုးစီ သရေကျနေခဲ့တာပါ။ 

ဒါပေမယ့် နာကျင်အချိန်ပို ၉၂ မိနစ်မှာ ကွန်ဆီကာအိုက အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တာကြောင့် ပေါ်တူဂီ အသင်းဟာ အဖွင့်ပွဲစဉ်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၀၄ ပြိုင်ပွဲကတည်းက ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ၆ ကြိမ်မြောက် ယူရိုပြိုင်ပွဲဖြစ်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့တာပါ။ 

ပေါ်တူဂီအသင်းနဲ့ ချက်အသင်း ယှဉ်ပြိုင်နေစဉ်

ရော်နယ်ဒိုက ပေါ်တူဂီအသင်းနဲ့အတူ နောက်ထပ် ဆုဖလားအတွက် အတူတူ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး သူတို့ဟာ ရပ်တန့်လို့မရကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ရော်နယ်ဒိုက “ဒီနေ့မှာ ကျနော်တို့သမိုင်းရဲ့ နောက်ထပ် အခန်းတစ်ခန်းကို စတင်လိုက်ပါပြီ။ စိန်ခေါ်မှုတွေ၊ အောင်ပွဲတွေနဲ့ ပြည့်နေတဲ့ နိုင်ငံအသင်းရဲ့ ပထမဆုံးနေ့ကို သတိရမိပါတယ်။ အခုအချိန်မှာတော့ အရည်အချင်း တွေ၊ စိတ်ပိုင်းဖြတ်မှု အပြည့်ရှိတဲ့ ချန်ပီယံအသင်းနဲ့အတူ ရှိရတာကို ကျနော်ဂုဏ်ယူမိပါတယ်။ လူတိုင်းရဲ့ခွန်အား တွေ၊ ပံ့ပိုးမှုတွေနဲ့ အိပ်မက်တွေကို လက်တွေ့အဖြစ် ပြောင်းလဲလိုက်ပါ”လို့ ရေးသားခဲ့ပါတယ်။

ချက်အသင်းနဲ့ပွဲစဉ်မှာ ရော်နယ်ဒိုအပြင် ပေါ်တူဂီအသင်း ဝါရင့်နောက်ခံလူ ပီပီကလည်း ယူရိုပြိုင်ပွဲမှာ စံချိန်သစ် တစ်ခုတင်နိုင်ခဲ့ပါတယ်။

ပီပီဟာ အသက် ၄၁ နှစ် ၁၁၃ ရက်နဲ့ ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်မှတ်တမ်း ရေးထိုးနိုင်ခဲ့တာပါ။ 

အဖွင့်ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၂ ရက်မှာ တူရကီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN