CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ချန်ပီယံ မျှော်လင့်ချက်တွေနဲ့ ရုန်းကန်နေရတယ်လို့ နည်းပြ ဆောက်ဂိတ်က ဒိန်းမတ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆောက်ဂိတ်က “ကျနော်တို့ရဲ့အဆင့် ပိုပြီးမြင့်ရမယ်ဆိုတာ သိပါတယ်။ အကြီးမားဆုံးအရာက ကျနော်တို့ ရောက်နေတဲ့ ပတ်ဝန်းကျင်နဲ့ ဒီမှာရှိတဲ့ မျှော်လင့်ချက်တွေကို လက်ခံဖို့ပါ။ ဒီစိန်ခေါ်မှုတွေကို ကျနော်တို့ လျှောက်လှမ်းရမှာပါ။ အခုအချိန်မှာ ကျနော်တို့ဟာ အနည်းငယ် လွဲချော်မှုတွေရှိနေပြီး ဒီရလဒ်တွေအတွက် ကျနော့်မှာ တာဝန်ရှိပါတယ်။ ကျနော်တို့ကစားပုံကို စိတ်ပျက်တယ်ဆိုတာ နားလည်ပြီး ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာ ပြသသွားမှာပါ”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်မှာ ဟာရီကိန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒိန်းမတ်အသင်းကို ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် ရမှတ်ခွဲဝေယူခဲ့ရတာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည် နေပေမယ့် အသင်းပရိသတ် အများအပြားရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။

အင်္ဂလန်အသင်း ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်

အင်္ဂလန်အသင်းဟာ ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ခြေစွမ်းပိုင်းက အထင်ကြီးစရာ မရှိတဲ့အတွက် ပရိသတ်တွေက စိတ်ပျက်နေတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ဘောလုံးပြိုင်ပွဲတွေမှာ လွယ်ကူတဲ့ ပွဲတွေမရှိဘူးဆိုတာ ပြိုင်ပွဲမစခင် ပြောခဲ့တဲ့အတိုင်း ပြသနေတယ်လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ဘောလုံးရှိတဲ့ အချိန်ရော မရှိတဲ့အချိန်မှာပါ ကျနော်တို့ ပိုကောင်းလာနိုင်ပါတယ်။ အသင်းကောင်း တစ်သင်းရဲ့ လက္ခဏာက ရလဒ်ဆိုပေမယ့် အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး။ နောက်တစ်ဆင့် တက်ဖို့က ကျနော်တို့ရဲ့ နံပါတ်တစ် ရည်မှန်းချက်ဖြစ်ပြီး တိုးတက်အောင်လုပ်နိုင်ပါတယ်။ နောက်ဆုံး ယူရိုပြိုင်ပွဲတုန်းက ကျနော်တို့ဟာ စကော့တလန်နဲ့ ဂိုးမရှိသရေကျခဲ့ပေမယ့် နောက်ဆုံးမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ယူရိုအုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဆလိုဗေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိမ့်ဆုံး သရေတစ်မှတ်ရယူနိုင်ရင် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Source: ESPN