CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉

ပေါ်တူဂီအသင်း ဝါရင့်နောက်ခံလူ ပီပီက အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သွင်းဂိုးတွေနဲ့ ရှင်သန်နေတဲ့သူလို့ ပြောလိုက်ပြီး အသင်းအပေါ် သူ့ရဲ့သက်ရောက်မှုတွေကို ချီးကျူးသွားခဲ့ပါတယ်။

ပီပီက “ရော်နယ်ဒိုဟာ သွင်းဂိုးတွေနဲ့ ရှင်သန်နေတဲ့သူပါ၊ ဒါက အမှန်တရားပါပဲ။ ဒါပေမယ့် နိုင်ငံအသင်းအပေါ် ကူညီဖို့ ကွင်းထဲမှာ သူ့ရဲ့ရရှိနိုင်မှုတွေက မယုံနိုင်စရာပါပဲ။ သူဟာ အသက် ၃၉ နှစ်ရှိပြီဖြစ်ပေမယ့် အသင်းမှာ မိနစ်အများဆုံး ကစားထားတဲ့သူပါ။ သူဟာ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ကောင်းမွန်စွာ လုပ်ဆောင်ပြီး ကျနော်တို့ကို ပျော်ရွှင်မှုတွေ အများကြီးပေးလိမ့်မယ်”လို့ ပြောခဲ့တာပါ။ 

ယူရိုပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အုပ်စုပွဲစဉ် ၃ ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ရော်နယ်ဒိုဟာ သွင်းဂိုးရရှိဖို့ ရုန်းကန်နေရတာပါ။ ရော်နယ်ဒိုနဲ့ နိုင်ငံအသင်းမှာ နှစ်ပေါင်းများစွာ အတူတွဲ ကစားနေတဲ့ ပီပီကတော့ သူ့ရဲ့အသင်းဖော်ဟာ အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။ 

ပီပီနဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်

အသက် ၄၁ နှစ်အရွယ်ရှိ ပီပီဟာ ယူရိုပြိုင်ပွဲမှာ အသက်အကြီးဆုံး ကစားသမားအဖြစ် ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေပြီး အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရတဲ့အတွက် ပျော်ရွှင်ကြောင်းလည်း ပြောခဲ့တာပါ။ 

၂၀၀၇ ခုနှစ်ကတည်းက ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပီပီဟာ နိုင်ငံအသင်းက အနားယူဖို့ အကြောင်း ကိုလည်း စဉ်းစားထားခြင်း မရှိသေးပါဘူး။ 

ပီပီဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေကစားဖို့ ပြင်ဆင်မှုတွေ ပြုလုပ် နေတာပါ။ 

ပေါ်တူဂီအသင်းဟာ ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ဆလိုဗေးနီးယားအသင်းနဲ့ ဇူလိုင် ၁ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: ESPN