CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၇

မာနေးက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ လီဗာပူးလ်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး အထူးအဖြေတစ်ခု ပေးမယ်လို့ ပြောလိုက်ပါတယ်။

လီဗာပူးလ်နဲ့မာနေးတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတာဖြစ်ပြီး ဆီနီဂေါ ကစား သမားကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ချိတ်ဆက်နေတာပါ။လီဗာပူးလ်အသင်းကတော့ မာနေးကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။မာနေးဟာ ဒီနှစ် ဘောလုံးရာသီမှာ အက်ဖ်အေဖလား၊ကာရာဘောင်းဖလားနဲ့ အာဖရိကနိုင်ငံများဖလားတို့ကို ရယူထားတာပါ။

မာနေးက “အခုအချိန်မှာ ခင်ဗျားတို့ကို ပေးလို့ရတဲ့အဖြေက ကျနော် အလွန်ကောင်းမွန်နေတယ်ဆိုတာပါ။ စနေနေ့ပွဲအတွက် အပြည့်အဝအာရုံစိုက်ထားပါတယ်။ဒါက ဗိုလ်လုပွဲမတိုင်ခင် ကျနော်ပေးရမယ့်အဖြေပါ။ ဒါပေမယ့် စနေနေ့ပြီးရင် ကျနော့်ဆီကို ပြန်လာပါ။ခင်ဗျားတို့ကြားချင်တဲ့ အကောင်းဆုံးအဖြေကို ကျနော်ပေး မယ်ဆိုတာ သေချာပါတယ်။ခင်ဗျားတို့ ကြားချင်တဲ့အရာတွေကို ကျနော်ပြောသွားပါမယ်။ကျနော်ဟာ နေ့တိုင်း ကွင်းထဲမှာ နဲ့ Gym မှာ ပိုကောင်းသထက် ပိုကောင်းလာအောင် ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်။ဒါက အရေးကြီးဆုံးပါ။အသင်းကိုကူညီဖို့ ကျနော် အကောင်းဆုံးကြိုးစားနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုတွေမှာ ဆာလတ်၊ဖာမီနိုတို့နဲ့အတူ မာနေးကလည်း အရေးပါ တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။သူတို့ ၃ ဦးအတွဲဟာ လီဗာပူးလ်အသင်းကို ၂၀၁၉ မှာ ချန်ပီယံလိဂ်နဲ့ နှစ်ပေါင်း ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၃ ဦးလုံးရဲ့ စာချုပ်တွေဟာ လာမယ့်နှစ်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မာနေးက “အခုအချိန်မှာ ချန်ပီယံလိဂ်ဖလားရဖို့ကို အပြည့်အ၀ အာရုံစိုက်ထားပါတယ်။ဒါက ကျနော့်အတွက် ရော လီဗာပူးလ် ပရိသတ်တွေအတွက်ပါ ပိုပြီး အရေးကြီးပါတယ်။လီဗာပူးလ်အသင်း နိုင်ပွဲရဖို့အတွက် ဖြစ်နိုင်တဲ့ အရာအားလုံးကို ကျနော်လုပ်ဆောင်သွားမှာပါ။ကျနော်တို့ဟာ ၂၀၁၈ မှာ ဖြစ်ခဲ့တဲ့အရာတွေကို မေ့သွားလောက်ပြီ ထင်ပါတယ်။သေချာတာက ရီးရယ်လ်အသင်းဟာ အဲဒီတုန်းက ပိုကောင်းတဲ့အသင်းဖြစ်ပြီး အနိုင်ရဖို့ ထိုက်တန် ပါတယ်။အခုပွဲကတော့ မတူညီတဲ့ ပွဲတစ်ပွဲဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

Source:BBC