CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇

ဘရန်ဖို့ဒ် အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဒုတိယ အကောင်းဆုံး အသင်းဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။

သောမတ်စ်ဖရန့်ခ်က “ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ အသင်းနဲ့ ကစားရမှာပါ။ လွန်ခဲ့တဲ့ တစ်နှစ်က သူတို့ ကို အနိုင်ယူခဲ့ပေမယ့် အခု မတူတော့ဘူးလို့ ထင်ပါတယ်။ တနင်္ဂနွေနေ့မှာ လုပ်ဆောင်ရမှာက ကျနော်တို့အတွက် လုံးဝ မတူတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ဟာ မန်စီးတီးအသင်းပြီးရင် လိဂ်ပြိုင်ပွဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးအသင်း ဖြစ်နေလို့ပါ။ သူတို့ဟာ ပထမ ၆ ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါ တယ်”လို့ ပြောပါတယ်။

သူတို့ ၂ သင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဖွင့်ပွဲ ၅ ပွဲဆက်တိုက် အနိုင်ရကာ အကောင်းဆုံး ပုံစံ ပြသနိုင်ခဲ့ပြီး ယူနိုက်တက်နဲ့အတွေ့မှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

အာဆင်နယ်အသင်းနဲ့ ဘရန်ဖို့ဒ်အသင်းတို့ ယှဉ်ပြိုင်နေစဉ် (Reuters)

ဘရန်ဖို့ဒ်နဲ့ အာဆင်နယ် အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်းပွဲစဉ်တွေကို အနိုင် ရရှိအောင် ကစားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

သောမတ်စ်ဖရန့်ခ်က “ သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ကျနော်ထင်ပါ တယ်။ သူတို့ဟာ အံ့မခန်းဖွယ်ကောင်းနေပြီး ကစားသမားတွေလည်း ကြီးထွားလာခဲ့သလို၊ မှန်ကန်တဲ့ ကစား သမားတွေလည်း ရှိနေပါတယ်။ ဆလီဘာ ပြန်ရောက်လာခဲ့တယ်။ ဂျီးဆပ်စ်ဆိုရင် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှု ပါ။ အိုဒီဂတ်ဆိုရင်လည်း သူ့ရဲ့ ကစားပုံဟာ ဒီဘရိုင်းနဲ့ သိပ်ပြီး မကွာတော့ဘူးဆိုတာ ကျနော်ထင်ပါတယ်”လို့ ပြောပါတယ်။

ဘရန်ဖို့ဒ်အသင်းဟာ ဒီရာသီ အိမ်ကွင်းပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရထားပြီး ရလဒ် ကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

ဒီနောက်မှာတော့ ဘရန်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Metro