CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

ပြင်သစ်နည်းပြ ဒက်ချမ့်ပ်စ်က ဘတ်ပီဟာ ဒိန်းမတ်နဲ့ပွဲမှာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်ခြင်း မရှိခဲ့ပေမယ့် သူနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဒက်ချမ့်ပ်စ်က “ဘတ်ပီဟာ ကောင်းမွန်တဲ့အရာတွေ အများကြီး လုပ်ခဲ့ပြီးဖြစ်သလို အခုလည်း ဆက်ပြီးလုပ်ဆောင် နေတာပါ။ သူဟာ ၃ ရက်အတွင်း မိနစ် ၉၀ ပြည့် ပွဲ ၂ ပွဲကို ကစားခဲ့ရတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးပါ။ သူဟာ အရာအားလုံးကို မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူနဲ့ ပတ်သက်ပြီး ကျနော် မစိုးရိမ်ပါဘူး”လို့ ပွဲ အပြီးမှာ ပြောခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ နေးရှင်းလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဒိန်းမတ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ် ပါတယ်။ အုပ်စုတွင်းက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ သြစတြီးယားနဲ့ ခရိုအေးရှားအသင်းတို့ ပွဲစဉ်မှာ သြစတြီးယားအသင်း အရေးနိမ့်ခဲ့တာကြောင့် ပြင်သစ်အသင်းဟာ လိဂ် B ကို တန်းဆင်းရမယ့် အရေးကို ရှောင်ရှားနိုင်ခဲ့တာပါ။

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပ်စ် (FotMob)

ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုတစ်ကြိမ် ပြိုင်ပွဲမှာတော့ ၆ ပွဲကစား အပြီး ၁ ပွဲသာ အနိုင်ရရှိကာ ရမှတ် ၅ မှတ်နဲ့ အုပ်စုတွင်း တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ဒိန်းမတ်နဲ့ပွဲမှာ ဂိုးမသွင်းယူ နိုင်ခဲ့ပေမယ့် ပွဲချိန်အတွင်း ဂိုးကန်သွင်းမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဘတ်ပီဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ သြစတြီးယားကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြင်သစ်အတွက် ခြေစွမ်း ပြသခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဘတ်ပီဟာဆိုရင် ဒီပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းနဲ့ သွားရောက်ပူးပေါင်းကာ လီဂူးဝမ်းပွဲစဉ်အဖြစ် စနေနေ့မှာ နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ် လက်ရွေးစင်အတွက် ၅၉ ပွဲ ပါဝင်ကစားထားပြီး ၂၈ ဂိုး သွင်းယူကာ ကမ္ဘာ့ဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။