CNI International News

နာဆာဒူအာ(အင်ဒို)၊ နိုဝင်ဘာ ၁၅

တင်းမာနေသော အမေရိကန်-တရုတ်ဆက်ဆံရေးကြောင့် စစ်အေးခေတ်သစ်သို့ ဦးတည်လာခြင်းမှ တားဆီးရန် ရည်ရွယ်လျက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ထိုင်ဝမ်နှင့်မြောက်ကိုရီးယား အရေးတို့ကို နိုဝင်ဘာ ၁၄ ရက်တွင် ၃ နာရီကြာ ပြတ်ပြတ်သားသား ဆွေးနွေးခဲ့ကြသည်။

လူ့အခွင့်အရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ ဆူညံနေချိန်၌ ယူကရိန်းသို့ ရုရှားကျူးကျော်စစ်နှင့် ၎င်းတို့နိုင်ငံ အသီးသီးရှိ စက်မှုလုပ်ငန်းများကို ပံ့ပိုးနိုင်ရန် သမ္မတနှစ်ဦးတို့ မကြာခဏ ပိုမိုထိတွေ့ဆက်ဆံရန်လည်း ကတိကဝတ်ပြုခဲ့ကြသည်။
နှစ်နိုင်ငံ နောက်ဆက်တွဲဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် သည် ဘေဂျင်းမြို့တော်သို့ သွားရောက်ရန်လည်း စီစဉ်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် G-20 ထိပ်သီးအစည်းအဝေး၏ပြင်ပတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက် ဘိုင်ဒန်က “ကျနော်တို့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရမှာ။ ဒါပေမယ့် ကျနော်က ပဋိပက္ခကို မရှာဘူး။ ဒီလို ယှဉ်ပြိုင်မှုကို တာဝန်သိသိနဲ့ စီမံခန့်ခွဲဖို့ ကျနော် ရှာကြံနေပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်၏ထိန်းချုပ်မှုအောက်မှ ခွဲထွက်၍မရသော အစိတ်အပိုင်းအဖြစ် ရှုမြင်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို ၎င်းလက်အောက်သို့ ဆွဲခေါ်ရန် ဘေဂျင်းအစိုးရပြောကြားခဲ့သည်မှာ ကာလကြာမြင့်လှပြီ ဖြစ်သော်လည်း ထိုသို့ဆွဲခေါ်ရာ၌ အင်အားသုံးရန်မရှိဟု ငြင်းဆိုထားသည်။

ထိုင်ဝမ်နိုင်ငံ တိုင်ပေတွင် အမျိုးသားနေ့ အခမ်းအနား ကျင်းပနေစဉ် Chinook ရဟတ်ယာဉ်တစ်စင်းသည် ထိုင်ဝမ်အလံကို ကိုင်ဆောင်ကာ မြို့ပေါ်တွင် ပျံသန်းခဲ့စဉ်(ဓါတ်ပုံ-ရိုက်တာ)

မကြာသေးမီနှစ်များအတွင်းကလည်း ထိုင်ဝမ်လွတ်လပ်ရေးနှင့်ပတ်သက်၍ အမေရိကန်က ရံဖန်ရံခါ ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံမှုအပြီး ထိုင်ဝမ်ကို အမေရိကန်-တရုတ်ဆက်ဆံရေးတွင် ဖြတ်ကျော်ခြင်းမပြုရမည့် ပထမဆုံးအနီရောင်မျဉ်းဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင်မီဒီယာ၏ ထုတ်လွှင့်ချက်အရ သိရသည်။
ဘေဂျင်း၏ တရုတ်တစ်ပြည်ထောင်တည်း ရပ်တည်ချက်နှင့် ထိုင်ဝမ်အပေါ် စစ်ရေးပံ့ပိုးရန် ဆယ်စုနှစ်များစွာကြာ ရပ်တည်ခဲ့သော ထိုင်ဝမ်ဆိုင်ရာ အမေရိကန်မူဝါဒမှာ အပြောင်းအလဲမရှိကြောင်း ရှီကျင့်ဖျင်ကို အာမခံဖို့ကြိုးစားခဲ့ ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

စစ်အေးခေတ်သစ် မလိုအပ်ကြောင်းနှင့် တရုတ်ကလည်း အပူတပြင်း စစ်ပွဲပြင်ဆင်နေသည်ဟု မထင်မိကြောင်း ဘိုင်ဒန်က ဆက်လက်ပြောကြားခဲ့သည်။

“ထိုင်ဝမ်ကို ကျူးကျော်ဖို့ တရုတ်က နီးနီးကပ်ကပ် ကြိုးပမ်းတာမျိုးတော့ ရှိမယ်လို့ မထင်မိဘူး” ဟု ၎င်းက သတင်းထောက်များကို ရှင်းပြခဲ့သည်။

သို့ရာတွင် မြောက်ကိုရီးယားနှင့်ပတ်သက်၍ ပြုံယမ်းအစိုးရ၏ လက်နက်စမ်းသပ်မှုအပေါ် ဘေဂျင်း၏ ဩဇာ လွှမ်းမိုးခြင်း ရှိ/မရှိ သိရန်ခက်ခဲကြောင်း ဘိုင်ဒန်က ဆက်လက်ပြောကြားခဲ့သည်။

“ပထမဆုံးအနေနဲ့ တရုတ်က မြောက်ကိုရီးယားကို ထိန်းချုပ်နိုင်တယ်ဆိုတာ သေချာပေါက် ပြောဖို့ ခက်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source: Reuters, Channel News Asia