CNI International News

ဂူဝါဟာတီ၊ ဒီဇင်ဘာ ၇

ကူကီးလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့နှင့် အိန္ဒိယအစိုးရကြား သုံးပွင့်ဆိုင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရမှ ချက်ချင်းရုပ်သိမ်းရန် မဏိပူရ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး ပြည်သူ့ပူးပေါင်းအဖွဲ့ (PAPPM)က တောင်း ဆိုလိုက်ကြောင်း Northeast Now သတင်းဌာနက ရေးသားဖော်ပြထားသည်။

PAPPM သည် အရှေ့မြောက်ပိုင်း ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

၂၀၀၈ ခုနှစ်၊ သြဂုတ် ၂၂ ရက်တွင် မဏိပူရ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရ(အိန္ဒိယ)တို့က ညီညွှတ်သော ပြည်သူ့ တပ်ဦး(UPF)၊ ကူကီးအမျိုးသားအစည်းအရုံး(KNO)တို့နှင့် သုံးပွင့်ဆိုင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တွင် လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ သဘေတူညီချက် သက်တမ်းကုန်ဆုံးချိန်တွင် အစိုးရဘက်မှ သက်တမ်းတိုးမှု လုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်ထဲမှာပင် ဇိုမီလွတ်မြောက်ရေးအဖွဲ့(ZRO) နှင့်လည်း အလားတူ သဘောတူညီချက်မျိုး ရယူခဲ့သည်။

ထိုသဘောတူညီချက်ကို ဆက်လက် လုပ်ဆောင်နေခြင်းက မဏိပူရပြည်နယ်ရှိ ပြည်သူများ၏ သင့်မြတ်စွာ အတူ ယှဉ်တွဲ နေထိုင်မှုကို ထိခိုက်စေရုံမက အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက်ပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ လိမ့်မည်ဟု PAPPM က ပြောသည်။

ထို့ကြောင့် သဘောတူညီချက်မှ နုတ်ထွက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 မဏိပူရပြည်နယ် အင်ဖာမြို့မှာ အာသံရိုင်ဖယ်တပ်က လုံခြုံရေးယူထားစဉ် (CNI)

ယခု တောင်းဆိုမှုကို PAPPM ဘက်မှ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)၊ အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှား (Amit Shah)နှင့် မဏိပူရပြည်နယ် ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N Biren Singh)တို့ထံလည်း စာရေးသား တောင်းဆိုခဲ့သည်။

အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့များသည် သဘောတူညီချက်ကို ခုတုံးလုပ်ကာ မဏိပူရပြည်နယ်တွင်းရှိ တောင်တန်းများတွင် ဘိန်းစိုက်ပျိုးမှုကို လုပ်ဆောင်နေကြောင်း၊ သဘောတူညီချက် စတင်ချိန်မှစ၍ ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ မြင့်တက်လာကြောင်း PAPPM ဘက်က စွပ်စွဲထားသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အသုံးချပြီး ကူကီးလက်နက်ကိုင်များသည် မြန်မာနိုင်ငံ ဘက်မှ လူများကို ခေါ်ဆောင်၍ တောင်တန်းများပေါ်တွင် အခြေကျ နေထိုင်စေကြောင်း PAPPM ၏ အိန္ဒိယ ဗဟိုအစိုးရသို့ ပေးပို့သည့် စာထဲမှာ ဖော်ပြထားသည်။

ထို့နောက် တောင်ကုန်းဒေသများတွင် ခြိမ်းခြောက်ငွေညှစ်မှုများ ရှိလာသည့်အပြင် KNA/KNO ၊ ZRA/ZRO တို့နှင့် သဘောတူညီချက်သည့် ပြည်နယ်အတွင်း နှစ်ပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်လာသော ဒေသခံများ၏ အကျိုး စီးပွားအပြင် မဏိပူရပြည်နယ်၊ အိန္ဒိယနိုင်ငံတို့၏ ငြိမ်းချမ်းမှုနှင့် တိုးတက်မှုတို့ကို ထိခိုက်စေသည်ဟု PAPPM အဖွဲ့က စွပ်စွဲပြောဆိုထားသည်။

Source: Northeast Now