CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂

ရုရှားသည် ယူကရိန်းနိုင်ငံ လူဟန့်ခ် (Luhansk) ဒေသတွင် စစ်အင်အားစုစည်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံအရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားထားပြီး ယင်းသည် လာမည့် သီတင်းပတ်များအတွင်း အရှေ့ဘက် ဒေသများ၌ ထိုးစစ်ဆင်မှုလုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ယူကရိန်းဘက်က သံသယရှိနေကြောင်း AP သတင်းတွင် ဖော်ပြသည်။

ရုရှားနယ်စပ်နှင့် နီးသော ရှေ့တန်းစစ်မြေပြင်တွင် ရုရှားတပ်များသည် ဒေသခံများကို ၎င်းတို့နေအိမ်များမှ နှင်ထုတ်နေကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ယူကရိန်းအမြှောက်တပ်ဖွဲ့များအနေဖြင့် ရုရှားတပ်များ စခန်းချရာ နေရာများနှင့်ပတ်သက်၍ သတင်းမထွက်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူဟန့်ခ်အုပ်ချုပ်ရေးမှူး ဆာဟီ ဟိုင်ဒိုင် (Serhiy Haidai) က ပြောသည်။

အရှေ့ဘက်ဒေသသို့ ရုရှားတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းနေကြောင်းနှင့် ၎င်းတို့သည် ဖေဖော်ဝါရီလအတွင်း အရှေ့ပိုင်း တွင် တစ်စုံတစ်ခုအတွက် သေချာပေါက် ပြင်ဆင်နေခြင်းဖြစ်ကြောင်းလည်း ဟိုင်ဒိုင်က ပြောသည်။ ရုရှားတပ်များ သည် မကြာမီအချိန်အတွင်း ထိုးစစ်ဆင်မှုအသစ်များကို လုပ်ဆောင်တော့မည်ဟု စစ်ရေးလေ့လာသူများက ခန့်မှန်းထားကာ ရုရှားဘက်မှ ပြင်းထန်သော ထိုးစစ်ဆင်မှုတစ်ခု လာမည့်လများအတွင်း ပေါ်ပေါက်လာနိုင်သည် ဟု စစ်ပွဲလေ့လာရေးအဖွဲ့မှ အင်္ဂါနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဂျာမနီလုပ် Leopard 2 တင့်ကားတစ်စီးကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

အမှန်တကယ်ထိုးစစ်ဆင်မှု လုပ်ဆောင်မည်ဆိုလျှင် ယင်းက ရုရှားတို့၏ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှု၏ နှစ်ပတ်လည်အခမ်းအနားနှင့် တိုက်ဆိုင်မှုလည်း ရှိလာလိမ့်မည်။

ရုရှားတပ်များသည် အထူးသဖြင့် အရေးပါသော ဘက်ခ်မွတ်(Bakhmut) မြို့ကို သိမ်းပိုက်ရေးအပါအဝင် အနီး အနားရှိ ဒွန်းနက်ခ်(Donetsk)ပြည်နယ်ရှိ စစ်ရေးလှုပ်ရှားမှုများကိုပါ အာရုံစိုက်ဆောင်ရွက်နေသည်ဟု ယူကရိန်း စစ်ဦးစီးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ဒွန်းနက်ခ်နှင့် လူဟန့်ပြည်နယ်များသည် ဒွန်ဘတ်စ် (Donbas) ဒေသ တွင် ပါဝင်သည်။ ဒွန်ဘတ်စ်သည် ရုရှားနှင့် ထိစပ်နေသည့် စက်မှုဒေသဖြစ်ကာ ယင်းကို ယူကရိန်းကျူးကျော်စစ် စတင်ခြင်း၏ ရည်မှန်းချက်တစ်ခုအဖြစ် သမ္မတပူတင်က သတ်မှတ်ထားသည်။ ယင်းတွင် ရုရှားကို ထောက်ခံသော ခွဲထွက်ရေးသမားများက ၂၀၁၄ ခုနှစ်မှ စတင်ကာ တော်လှန်မှုများကို လုပ်ဆောင်ခဲ့သည်။

တခြားတဖက်တွင် သမ္မတဇာလန်းစကီး၏ ယူကရိန်းအစိုးရသည် နိုင်ငံတွင်းရှိ အကျင့်ပျက်ခြစားမှု တိုက်ဖြတ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ထင်ရှားသောလွှတ်တော်အမတ် ဒေးဗစ် အာရတ်ဟာမီရာ (David Arakhamia) အပါအဝင် ရာထူးကြီးအရာရှိတစ်ချို့ကို ရာထူးမှဖယ်ရှားခဲ့သည်ဟု သိရသည်။

Source:AP