CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၄

ကြန့်ကြာနေသော Sarmat တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်နေရာ ချထားရေးကို ယခုနှစ်အတွင်း လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထား သည်။

အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲပြီး တစ်နှင့်ပြည့်ချိန်တွင် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

အရည်လောင်စာသုံး RC-28 Sarmat ဒုံးကျည်များကို အနောက်အုပ်စု လေ့လာသူများက Satan 2 ဟု ခေါ်ပြီး ယင်းကို ပူတင်က ၂၀၁၈ ခုနှစ်တွင် ပထမဆုံး ထုတ်ဖော်ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် တပ်ဆင် တပ်ဖြန့်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခုသီတင်းပတ် အစောပိုင်း ဘိုင်ဒန်၏ ယူကရိန်း ခရီးစဉ်မတိုင်ခင် ရုရှားဘက်က Sarmat ဒုံးကျည်စမ်းသပ်မှုတစ်ခု လုပ်ဆောင်ခဲ့သော်လည်း မအောင် မြင်ခဲ့ဟု အမေရိကန်ဘက်က ယူဆထားကြောင်း CNN သတင်းတွင် ဖော်ပြသည်။

Sarmat ဒုံးကျည်ကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော် ရုရှားကာကွယ်ရေးဌာနက ထိုသတင်းအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။ ၃၅ မီတာ ရှည်လျားသော Sarmat ဒုံးကျည်များကြောင့် ရုရှား၏ ရန်ဘက်များ နှစ်ခါပြန် စဉ်းစားရမည်ဟု ပူတင်က ပြောခဲ့ဖူး သည်။

ထိုဒုံးကျည်များသည် ၁၈၀၀၀ ကီလိုမီတာအထိ သွားနိုင်ပြီး ယင်းထက် ပိုသွားနိုင်သည်ဟုလည်း တစ်ချို့က ခန့်မှန်း သည်။ ထိုဒုံးကျည်တွင် ကွဲပြားသော ပစ်မှတ်များကို ချိန်ရွယ်နိုင်သည့် နျူကလီးယား ထိပ်ဖူးတပ် MIRV အနည်းဆုံး ၁၀ ခုပါဝင်သည်။

ထို့အပြင် ယင်းသည် ဒုံးကျည်ကာကွယ်ရေး စနစ်များကို ရှောင်လွှဲရန် ပျံသန်းရာလမ်းကြောင်း ခန့်မှန်းမရသည့် Avangard စက်မဲ့ယာဉ်များကိုလည်း ပို့ဆောင်နိုင်သည်။

ယခင်အတိုင်းပင် သုံးမျိုးပေါင်း နျူကလီးယား လက်နက်ကို အဆင့်မြှင့်တင်ရေးအတွက် အထူးအာရုံစိုက် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း ပထမဆုံးသော Sarmat ဒုံးကျည်စနစ် လောင်ချာများကို တိုက်ခိုက်ရေး တာဝန်များ၌ စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း အဖမြေအား ကာကွယ်သူ (Defender of Fatherland Day) နေ့ အခမ်းအနားဖြစ်သော ကြာသပတေးနေ့၌ ရုရှားမှ ထုတ်ပြန်သော ဗွီဒီယိုဖိုင်တစ်ခုတွင် ပူတင်က ပြောသည်။

ဘိုင်ဒန်နဲ့ဇာလန်းစကီး ကိယက်ဗ်မြို့မှာ တွေ့ဆုံစဉ်(AP)

ထိုဒုံးကျည်များကို ၂၀၂၂ နှစ်ကုန်ပိုင်းတွင် စတင်ဖြန့်ကျက်သွားမည်ဟု ပူတင်က ပြီးခဲ့သည့် ဇွန်လတွင် ပြောခဲ့ သည်။

ယူကရိန်းအား ကျူးကျော်ခဲ့ပြီး တစ်နှစ်ပြည့်နေ့တွင် နျူကလီးယား လက်နက် ထိန်းချုပ်ရေးဆိုင်ရာ အဆုံးသတ် လိုက်ပြီဟု အချက်ပြမှုလည်း ဖြစ်သည်။

အင်္ဂါနေ့ နိုင်ငံတော် မိန့်ခွန်းတွင် အမေရိကန်နှင့် နျူကလီးယား လက်နက် ထိန်းချုပ်ရေး သဘောတူညီချက် New START ကို ရပ်ဆိုင်းကြောင်း ပူတင်က ကြေညာခဲ့သည်။ သို့သော် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ပါ အချက်အလက်များကို လိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ရုရှားအစိုးရဘက်မှ ထုတ်ပြန်ခဲ့သည်။

Source: အယ်ဂျာဇီးယား