CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၅
 
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်‌ရေးနှင့် အတူ ပအိုဝ်းပြည်နယ်ကို လိုချင်ကြောင်း အိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
 
ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းရေးအတွက် ကြိုးပမ်းရာတွင်လည်း နိုင်ငံရေးလမ်းဖြင့် ကြိုးပမ်းမှာ ဖြစ်သလို ညီနောင်တိုင်းရင်းသားများ ထောက်ခံအားပေးမှုကို ရယူရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
 
ခွန်မြင့်ထွန်းက “နောက်တစ်ခုကတော့ ကျ‌နော်တို့ ဒီနေ့ ပအိုဝ်းတွေ လိုချင်တာကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့အတူ ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းရေးကို လိုချင်တာ ဖြစ်ပါတယ်။ အဲဒီတော့ ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းရေးကို ကြိုးပမ်းတဲ့အခါမှာ ကျနော်တို့တွေဟာ နိုင်ငံရေးနည်းလမ်းများနဲ့ ကြိုးပမ်းကြမှာ ဖြစ်ပါတယ်၊ အဲဒီလို နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းမယ်ဆိုရင်တော့ ကျနော်တို့ ပြည်ထောင်စု တစ်ဝှမ်းလုံးမှာ ရှိတဲ့ ကျနော်တို့ရဲ့ ညီနောင်တိုင်းရင်းသားများရဲ့ ထောက်ခံအားပေးမှုကို ကျနော်တို့ ရယူဖို့ လိုအပ်ပါတယ်။ ဒါဟာ အနာဂတ်မှာ ကျနော်တို့ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ပြောသည်။
 
ယနေ့ မတ်လ ၅ ရက်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ NUG ၏ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ အပါအဝင် တော်လှန်‌ရေး အင်အားစုများ တက်ရောက်ခဲ့ကြသည်။
 
 
အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ရာတွင် မဟာလူမျိုးကြီးဝါဒမှာ မလိုအပ်တော့သလို ကျဉ်းမြောင်းသည့် အမျိုးသားရေး ဝါဒများလည်း ပြည်ထောင်စုအတွက် မလိုအပ်တော့ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။
 
၎င်းက “ကျ‌နော်တို့ ခေတ်အဆက်ဆက်မှာ နှိမ့်ချပြီးတော့ ဆက်ဆံခံနေရတာ ရှိခဲ့တယ်၊ ပြောရလို့ရှိရင် ခေတ်အဆက်ဆက် ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့တွေမှာဆိုရင် ကျနော်တို့ ပအိုဝ်းတွေဟာ အခုနောက်ပိုင်း ပြည်ထောင်စုနေ့တွေမှာ အခမ်းအနားတွေနဲ့ ကကြတဲ့အခါကြတော့ ကျနော်တို့ တိုင်းရင်းသားလူမျိုး ၈ မျိုးကတော့ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲ ကခုံတဲ့နေရာမှာ ကျ‌နော်တို့ ပအိုဝ်းတို့၊ တအာင်း (ပလောင်)တို့ ‘ဝ’၊ လားဟူ၊ ကိုးကန့်၊ ဓနု၊ နာဂ အစရှိတဲ့ တိုင်းရင်းသားလူမျိုးတွေကတော့ အဲဒီလို စုံတွဲ အမျိုးသား အမျိုးသမီး ကခုန်ခွင့်မရဘူး၊ အမျိုးသမီးငယ်တွေပဲ ပါရတာဖြစ်ပါတယ်၊ ဒီလို ပြည်ထောင်စုနေ့မှာ ကခုန်တဲ့အပေါ်ကို ကျနော်တို့က အပြစ်တင်ပြောတာ‌တော့ မဟုတ်ပါဘူး။ ဒီရဲ့ နောက်ကွယ်မှာ စဉ်းစားချက်တွေ၊ ခံစားချက်တွေ ရှိကြတယ်၊ တနည်းအားဖြင့်ပြောရရင်တော့ ကျနော်တို့ အနာဂတ်မှာ ပုံဖော်မယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ မဟာလူမျိုးကြီးဝါဒဟာ မလိုအပ်တော့သလို ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဟာလည်း ကျနော်တို့ ပြည်ထောင်စုအတွက် မလိုအပ်တော့ပါဘူး” ဟု ပြောသည်။
 
လက်ရှိတွင် ပအိုဝ်း အပါအဝင် ရှမ်းနီ၊ တအာင်း (ပလောင်)နှင့် ‘ဝ’ စသည့် လူမျိုးစုများက ပြည်နယ်သစ်များ ဖွဲ့စည်း‌ပေးရန် တောင်းဆိုမှုများ ရှိနေသည်။