CNI International News

ဘေဂျင်း၊ မေလ ၅

အာရှ-ပစိဖိတ် ဒေသဆီသို့ နေတိုးအဖွဲ့ တိုးချဲ့လာခြင်းက ဒေသတွင်း တည်ငြိမ်မှုကို ဆိုးရွားလာစေနိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင် (Mao Ning) က ကြာသပတေးနေ့တွင် ပြောခဲ့သည်ဟု တာ့စ် သတင်းမှ ဖော်ပြခဲ့သည်။

နေတိုးအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသသို့ တိုးချဲ့လာကြောင်း၊ ဒေသတွင်း ကိစ္စများတွင် နေတိုးအဖွဲ့၏ ကြားဝင် စွက်ဖက်မှုများက ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ နေတိုးအဖွဲ့ ဂျပန်တွင် ရုံး တစ်ခု ဖွင့်လှစ်မည့် အစီအစဉ်နှင့်ပတ်သက်၍ တာ့စ်သတင်းဌာနမှ မေးမြန်းမှုကို မောင်းနင်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အာရှဒေသသည် ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှု၏ မြေဇာပင် မဖြစ်သင့်ဟုလည်း သူမက အလေးအနက်ထား ပြောကြားသည်။

အာရှဒေသသို့ နေတိုးအဖွဲ့၏ တိုးချဲ့မှုက အဖွဲ့လိုက် ထိပ်တိုက် တွေ့ဆုံမှု ဖြစ်စေသည်ဟု မောင်းနင်က ပြောသည်။

နေတိုး အကြီးအကဲနဲ့ ဂျပန်ဝန်ကြီးချုပ်ကို တွေ့ရစဉ်

ထိုအခြေအနေက ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်သည်ဟုလည်း သူမက ထောက်ပြသည်။

နေတိုးအဖွဲ့သည် လာမည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ဆက်ဆံရေးရုံးတစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု Nikkei Asia သတင်းက မေလ ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

သတင်းအရ အသစ်ဖွင့်လှစ်မည့် ရုံးသည် နေတိုးအဖွဲ့နှင့် ဂျပန် အပါအဝင် တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ကဲ့သို့ အရေးပါသော မိတ်ဖက်နိုင်ငံများအကြား ညှိနှိုင်းဆွေးနွေးမှုများကို ပုံမှန် လုပ်ဆောင်ခွင့်ရစေ လိမ့်မည်ဟု သိရသည်။

ရုံးဖွင့်လှစ်ခြင်းနှင့် ပတ်သက်သည့် တရားဝင် ဆုံးဖြတ်ချက်ကို အဖွဲ့၏ ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် ညီလာခံမတိုင်ခင် ချမှတ်သွားမည်ဟုလည်း Nikkei Asia သတင်းတွင် ရေးသားထားသည်။

Source: တာ့စ်/ Nikkei Asia