CNI International News

ဂျကာတာ၊ မေလ ၆

အကြမ်းဖက်မှုများ မြင့်တက်လာချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား စတင်နိုင်ရေး ကြိုးပမ်းမှုတစ်ခု အနေဖြင့် အင်ဒိုနီးရှားသည် မြန်မာ့နိုင်ငံရေး ပဋိပက္ခတွင် အဓိကနေရာမှ ပါဝင်နေသူများအပြင် အိန္ဒိယ၊ ထိုင်းနှင့် တရုတ်တို့ ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် လအတန်ကြာ တိတ်တဆိတ် တွေ့ဆုံမှုများ လုပ်ဆောင်လျက်ရှိသည်ဟု အင်ဒိုနီး ရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

Reuters သတင်းနှင့် တွေ့ဆုံရာတွင် ရတ်နိုမာဆူဒီ (Retno Marsudi) က အင်ဒိုနီးရှားသည် အာဆီယံ အဖွဲ့၏ ဥက္ကဋ္ဌ နိုင်ငံအဖြစ် မြန်မာပဋိပက္ခကို ကျော်လွှားဖောက်ထွက်နိုင်ရန် တိတ်တဆိတ် ကြိုးပမ်းလျက် ရှိသည်ဟု ပြောသည်။

ထိုသို့ ကြိုးပမ်းရာတွင် အင်ဒိုနီးရှားသံတမန်များသည် ပဋိပက္ခအတွင်း ပါဝင်နေသူများနှင့် အကြိမ်ပေါင်း ၆၀ ကျော် ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု ပြောခဲ့သည်။

တွေ့ဆုံခဲ့သည့် အဖွဲ့အစည်းများတွင် နစက၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့နှင့် ဒီမိုကရေစီလိုလားသော NUG အစိုးရတို့ ပါဝင်သည်။

ပါဝင်နေသူ အားလုံး၏ ယုံကြည်မှုကို ရရှိရန်မှာ မဖြစ်မနေ အရေးပါသည်ဟု ရတ်နိုက ပြောသည်။

၂၀၂၁ ခုနှစ်က အင်ဒိုနီးရှား၊ ထိုင်းနဲ့ နစက နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်

အင်ဒိုနီးရှားသည် အသံမထွက်သော သံတမန်ရေး နည်းလမ်းကို အသုံးပြုနေကြောင်း၊ ယင်းသည် ပါဝင်နေ သူများ ၏ ယုံကြည်မှုကို တည်ဆောက်ရန် ရည်ရွယ်သည်။

ထိုမှသာလျှင် ၎င်းတို့အနေဖြင့် အင်ဒိုနီးရှားနှင့် ပြောဆို ဆက်ဆံလိုမည်ဖြစ်ကြောင်း ရတ်နိုက ပြောသည်။

တိတ်ဆိတ်သော သံတမန်ရေး နည်းလမ်းသည် ဘာမှ လုပ်ဆောင်ခြင်း မရှိဆိုသည့် အဓိပ္ပာယ် မသက်ရောက် ကြောင်း၊ ပြီးခဲ့သည့် လေးလတာ ကာလအတွင်း အင်ဒိုနီးရှားသည် လုပ်ငန်းဆောင်တာများစွာကို ဆောင်ရွက် နိုင်ခဲ့ကြောင်းလည်း သူမက ပြောသည်။

အင်ဒိုနီးရှား၏ လုပ်ဆောင်ချက်သည် မြန်မာပဋိပက္ခတွင် ပါဝင်နေသည့် အဓိက အဖွဲ့အစည်းများ အားလုံးကို ဆွေး နွေးပွဲဆီသို့ ခေါ်ဆောင်နိုင်ရန် ပထမဆုံးသော အရေးပါသည့် ကြိုးစားမှုဖြစ်သည်။

အာဆီယံအဖွဲ့နှင့် နစက ခေါင်းဆောင်တို့ လွန်ခဲ့သော နှစ်နှစ်တွင် သဘောတူခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ ဘုံ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး တွန်းအားပေးရန် ရည်ရွယ်သည်။

တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ခွင့်ရရန် ကြိုးပမ်းနေကြောင်း ရတ်နိုက ပြောသည်။

အာဆီယံအဖွဲ့၀င်များကိုတွေ့ရစဉ် 

အင်ဒိုနီးရှားသည် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအကြားရှိ ကွာဟချက်များကို လျှော့ချနိုင်ရေး ပေါင်းကူးတံတားအဖြစ် ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း သူမက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ နစကနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ဆက်သွယ် မေးမြန်းခဲ့ ရာတွင် ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကြိုးပမ်းနေခြင်းကြောင့် အာဆီယံဥက္ကဋ္ဌ နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု NUG ၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

ပဋိပက္ခတွင် ပါဝင်နေသူများနှင့် တွေ့ဆုံဆွေးနွေးသည့် ကိစ္စကို အာဆီယံအဖွဲ့နိုင်ငံများကလည်း ထောက်ခံသည် ဟု အင်ဒိုနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

Source: Reuters