CNI International News

တီဘီလီဆီ ၊ မေလ ၁၁

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ဂျော်ဂျီယာ နိုင်ငံသားများအတွက် ဗီဇာပယ်ဖျက်ပေးကာ တောင်ပိုင်း ကော့ကေးဆက် (South Caucasus)သို့ လေယာဉ်တိုက်ရိုက် ပျံသန်းခြင်းဆိုင်ရာ ၂၀၁၉ ခုနှစ် ပိတ်ပင် မှုကိုလည်း ဖယ်ရှားပေးခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ယင်းက နှစ်နိုင်ငံကြား ဆက်ဆံရေး ဆိုးရွားနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ကာ ရန်စမှုတစ်ခု ဖြစ်သည်ဟု ဂျော်ဂျီယာသမ္မတက ပြစ်တင်ရှုတ်ချခဲ့သည်။

ရုရှားအစိုးရ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော ကြေညာချက်၌ မေလ ၁၅ ရက်မှစကာ ရက် ၉၀ ကြာ ဗီဇာ ကင်းလွတ်ခွင့် ပေးသည်ဟု ဖော်ပြထားသည်။

ထိုကြေညာချက်တွင် ရုရှားလေကြောင်းလိုင်းများသည် မော်စကို (Moscow) နှင့် ဂျော်ဂျီယာမြို့တော် တီဘီလီဆီ (Tbilisi ) အကြား အပတ်စဉ် (၇)ကြိမ် ပြေးဆွဲသွားမည်ဟုလည်း ရုရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောသည်။

ဂျော်ဂျီယာနိုင်ငံသားများကိုတွေ့ရစဉ်

ရုရှားနှင့် ဂျော်ဂျီယာ ဒေသခံများအကြား ဆက်သွယ်ရေးနှင့် အဆက်အသွယ် ပြုလုပ်မှုဆိုင်ရာ အခြေအနေများ အတွက် အထောက်အကူ ဖြစ်စေရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားတို့၏ နောက်ထပ် ရန်စမှု တစ်ခုဖြစ်ကြောင်း ရုရှားအနေဖြင့် ယူကရိန်းအပေါ် ရန်လိုမှုများ ဆက်လုပ်နေ သရွေ့၊ ဂျော်ဂျီယာနယ်မြေများကို သိမ်းပိုက်ထားသရွေ့ တိုက်ရိုက် လေယာဉ်ပြေးဆွဲခြင်းနှင့် ဂျော်ဂျီယာအပေါ် ဗီဇာပြန် ဖွင့်ပေးခြင်းတို့သည် လက်ခံနိုင်စရာ မဟုတ်ဟု ဂျော်ဂျီယာသမ္မတ ဆယ်လိုမီ ဇိုရာဘစ်ချ်ဗီလီ (Salome Zourabichvili) က တွစ်တာတွင် ရေးသားပြောဆိုခဲ့သည်။

ဂျော်ဂျီယာသမ္မတသည် လက်ရှိ အာဏာရပါတီ၏ ဝန်ကြီးချုပ် အီရာကီ ဂါရီဘတ်ရှ်ဗီလီ (Irakli Garibashvili)အား ရုရှားနှင့် မေးခွန်းထုတ်ဖွယ် ဆက်ဆံရေးကို ထိန်းသိမ်းထားမှုဖြင့် မကြာခဏဆိုသလို စွပ်စွဲပြောဆိုမှု လုပ်ဆောင် လေ့ ရှိသည်။

ဆိုဗီယက် နိုင်ငံဟောင်းများအတွင်း ရုရှားနှင့် ဂျော်ဂျီယာတို့သည် ဆန်းပြားသော ဆက်ဆံရေးကို ပိုင်ဆိုင်ထားကာ အိုဆီးရှား တောင်ပိုင်းဒေသ (South Ossetia)အရေးနှင့် ပတ်သက်၍ ကာလတိုစစ်ပွဲ ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်ကာ တရားဝင် သံတမန်ဆက်ဆံရေး မရှိတော့ပေ။

ဂျော်ဂျီယာနိုင်ငံသား အများစုတွင် ပြင်းထန်သော ရုရှား ဆန့်ကျင်ရေး သဘောထားရှိကြပြီး ရုရှားထောက်ခံသော ခွဲထွက်ရေး ဒေသများမှ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာသည်လည်း ပြည်တွင်းဒုက္ခသည်များအဖြစ် နေထိုင် နေရသည်။

ဂျော်ဂျီယာနယ်စပ်ကိုတွေ့ရစဉ်

မတ်လတွင် ဂျော်ဂျီယာအစိုးရသည် နိုင်ငံခြားအေးဂျင့်များ (Foreign agents) ဟုခေါ်သည့် ဥပဒေမူကြမ်း အတည် ပြုရေးကိစ္စကို ရပ်တန့်ခဲ့ရသည်။

ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယင်းသည် အရပ်ဘက် လူ့အဖွဲ့အစည်းများကို နှိပ်ကွပ်ရန် ရုရှားဘက်က သုံးသော ဥပဒေတစ်ရပ်ကို မှီငြမ်းထားခြင်းဟု ဝေဖန်သူများက ထောက်ပြသည်။

ရုရှားအနေဖြင့် ဆိုဗီယက် နိုင်ငံဟောင်း အများစုကို ဗီဇာကင်းလွတ်ခွင့် ပေးထားသော်လည်း လုံခြုံရေးကို အကြောင်းပြကာ ဂျော်ဂျီယာအား ၂၀၀၀ ခုနှစ်တွင် ဗီဇာပိတ်ပင်ခဲ့သည်။

ထို့အပြင် ရုရှားဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဂျော်ဂျီယာသို့ လေယာဉ် တိုက်ရိုက် ပြေးဆွဲခြင်းကိုလည်း တားမြစ်ခဲ့သည်။

Source: Aljazeera