CNI International News

ဘေဂျင်း၊ မေလ ၂၂

တရုတ်ပြည်မကြီး၏ ဒေသခံတစ်ဝက်ကျော်ကျော်က ထိုင်ဝမ်အား ထိန်းချုပ်ရေးအတွက် စစ်ပွဲဆင်နွှဲရန် ထောက်ခံကြောင်း လေ့လာမှုသစ်တစ်ခုတွင် တွေ့ခဲ့ရသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ယင်းက ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ပြည်မကြီးမှ ဒေသခံများ၏အမြင်ကို ကြုံတောင့်ကြုံခဲ မြင်တွေ့ခဲ့ရခြင်း လည်း ဖြစ်သည်။

လူပေါင်း ၁၈၂၄ ဦးကို အခြေခံသည့် စစ်တမ်းကောက်ယူမှုတွင် မတူကွဲပြားသော အမြင်များကို မြင်တွေ့ခဲ့ရသည်။ စစ်တမ်းတွင် ပါဝင်သူများ၏ ၅၅ ရာခိုင်နှုန်းက ထိုင်ဝမ်ဒေသတစ်ခုလုံးကို ပြန်ယူရေးနှင့် ပေါင်းစည်းရေး စစ်ပွဲ ဆင်နွှဲခြင်းကို သဘောတူကာ သုံးပုံတစ်ပုံက ငြင်းဆိုပြီး ကျန်လူများက သေချာမသိကြောင်း ဖြေဆိုခဲ့သည်။

အဆိုပါ စစ်တမ်းကောက်ယူမှုကို စင်ကာပူအမျိုးသားတက္ကသိုလ်မှ ပညာရှင် အဒမ်ဝိုင်လူနှင့် ရှန်ဟိုင်း NYU မှ ရှောင်ဂျန်လီတို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ Journal of Contemporary China တွင် တနင်္လာနေ့၌ ဖော်ပြခဲ့သည်။ အာဏာရှင်ဆန်သော ခေါင်းဆောင်များသည် မျှတစွာ ယှဉ်ပြိုင်ရသော ရွေးကောက်ပွဲများဖြင့် အာဏာရရှိလာခြင်း မဟုတ်သော်ငြားလည်း ပြည်တွင်းမှ ကန့်ကွက်မှုကို ရှောင်ရှားရန် ၎င်းတို့၏ မူဝါဒများကို ပြည်သူ့အယူအဆများ နှင့် ကိုက်ညီရေး သေချာစေရန် မက်လုံးပေးဆောင်ရွက်နိုင်နေဆဲဖြစ်သည်ဟု စစ်တမ်းပြုလုပ်သူများက ရေးသား ထားသည်။

အစိုးရတစ်ရပ်အတွက် အဓိကဒေါက်တိုင်မှာ အမျိုးသားရေးစိတ်ဓာတ်၊ အထူးသဖြင့် အချုပ်အခြာအာဏာ နယ်မြေ ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့်အကြောင်းအရာများဖြစ်ကြောင်း၊ယင်းသည် တရုတ်နိုင်ငံ၏ အရှိတရားတစ်ခု ဖြစ် ကြောင်း ၎င်းတို့က ပြောသည်။ သို့သော် အာဏာပိုင်များသည် ပြည်သူများ၏ သဘောဆန္ဒကို ပုံသွင်းရန် ခေတ်မီ သော နည်းလမ်းများကို အသုံးပြုလာနိုင်သည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

ထိုင်ဝမ်စစ်တပ်၏ ထိုင်ဝမ်ရှိ New Taipei City အနီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော Han Kuang စစ်ရေး လေ့ကျင့်မှုမြင်ကွင်း (ဓါတ်ပုံ-အေပီ)

တရုတ်တစ်နိုင်ငံလုံးကို လွှမ်းခြုံမှုရှိသော စစ်တမ်းကောက်ယူမှုကို ၂၀၂၀ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၁ ခုနှစ် အစော ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ စစ်တမ်းတွင် ပါဝင်သူများကို လက်ရှိအနေအထားနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင် များ၊ ထိုင်ဝမ်အရေးနှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထားဆိုင်ရာ မေးခွန်းများစွာကို ဖြေဆိုစေခဲ့သည်။

စစ်ထိုးသိမ်းပိုက်ခြင်းကို ထောက်ခံသူ ၅၅ ရာခိုင်နှုန်းအပြင် ၁ ရာခိုင်နှုန်းသည် တခြားရွေးချယ်စရာများထက် စာလျှင် တင်းမာပြင်းထန်သော သဘောထားအမြင်ရှိသည်ကို တွေ့ခဲ့ရသည်။ တခြားသော ရွေးချယ်မှုများတွင် တရုတ်-ထိုင်ဝမ် တစ်နိုင်ငံတည်းပေါင်းစည်းရေးအတွက် အတင်းအကြပ် လုပ်ဆောင်ခြင်းကို အများစုက ထောက်ခံ ကြသည်။

ယင်းတို့တွင် ထိုင်ဝမ်ကျွန်း ပတ်ဝန်းကျင်၌ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်း၊ စီးပွားရေးအရ ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခြင်း၊ တစ်ခုတည်း မပေါင်းစည်ခင် လက်ရှိအနေအထားကိုထိန်းကာ စီးပွားရေးနှင့်စစ်ရေး အင်အားကို မြှင့်တင်ခြင်းတို့ ပါဝင်သည်။

ထူးခြားမှုတစ်ခုမှာ စစ်တမ်းတွင် ပါဝင်သူများ၏ ၂၂ ရာခိုင်နှုန်းသည် လက်ရှိအခြေအနေအတိုင်း ကွဲပြားသော နိုင်ငံရေးစနစ်များဖြင့် ဆက်သွားခြင်းကိုထောက်ခံပြီး ပေါင်းစည်းရန် မလိုအပ်ဟု သဘောတူခဲ့ခြင်း ဖြစ်သည်။ ၇၁ ရာခိုင်နှုန်းက ယင်းကို လက်မခံဟု ဖြေဆိုသည်။

Source:Bangkokpost