CNI International News

ဘေဂျင်း၊ ဇွန်လ ၂၈

ရုရှားစစ်တပ်အပေါ် ဝဂ်နာ (Wagner) ကြေးစားစစ်တပ်အဖွဲ့၏ ပုန်ကန်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ နှုတ်ဆိတ်နေမှုသည် ယူကရိန်းစစ်ပွဲ၊ စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ အင်အားမျှခြေအပေါ် မည်သို့မည်ပုံ ထိခိုက် မည်လဲဆိုခြင်းအပေါ် တရုတ်နိုင်ငံ၏ စိုးရိမ်မှုများ မြင့်တက်လာခြင်းကို ဖော်ပြနေသည်ဟု AP မှ ရေးသားထား သည်။ 

အလျင်အမြန် အဆုံးသတ်သွားသော ၂၂ နာရီကြာ ပုန်ကန်မှုကို တရုတ်ကွန်မြူနစ်ပါတီက ရုရှား၏ပြည်တွင်းရေး ကိစ္စဟုသာ သတ်မှတ်ခဲ့ပြီး တရုတ်သည် ရုရှားအား ထောက်ခံသည်ဟုလည်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

ယခုဖြစ်ရပ်သည် ရုရှား၏ ပြည်တွင်းရေးအပေါ် အနောက်အုပ်စုက မည်သို့မည်ပုံ ချဲ့ကားလုပ်ဆောင်နေသည်ကို ဖော်ပြကြောင်း တရုတ်လေ့လာသူများက သုံးသပ်ခဲ့ကာ သမ္မတပူတင်၏ ရာထူးသည်လည်း စိုးရိမ်ရမည့် အခြေ အနေတွင် ရှိမနေဟု ပြောသည်။ 

သို့သော် ဝဂ်နာတို့၏ ပုန်ကန်မှုသည် ရုရှားတို့၏ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်မှုများ ပိုများလာစေရန် ခြိမ်းခြောက်မှုဖြစ်စေကာ ထိုအခြေအနေအပေါ် တရုတ်၏ လွှမ်းမိုးနိုင်မှု စွမ်းရည်ကို အကန့် အသတ် ရှိစေသည်။ 

တရုတ်သည် စစ်ပွဲတစ်လျှောက် ကြားနေနိုင်ငံတစ်ခုအဖြစ်သာ လူသိရှင်ကြား ရပ်တည်ခဲ့သည်။

ဝဂ်နာ ကြေးစားတပ်ဖွဲ့ကိုတွေ့ရစဉ် 

စာရွက်ပေါ်မှ စကားများအရသာ ကြားနေဖြစ်ပြီး လက်တွေ့တွင် ရုရှားဘက်ကို ပိုယိမ်းကာ နှစ်နိုင်ငံကြား အပြန်အလှန် ခရီးစဉ်များ၊ စစ်ရေးပူးတွဲလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။ 

ယင်းက ရုရှား သို့မဟုတ် ဥရောပတို့နှင့် ဆက်ဆံရေး ပျက်စီးသွားခြင်းကို ရှောင်လွဲနိုင်ရန်အတွက် လိမ္မာပါးနပ်စွာ ထိန်းသိမ်းမှု၊ ဂရုတစိုက်တွက်ချက်မှုလည်း ဖြစ်သည်။ 

ရုရှားနှင့် ဥရောပ နှစ်ဖက်စလုံးသည် အမေရိကန်၏ အင်အားကို တွန်းလှန်ရန်အရေးပါသည့်အရာများဟု တရုတ် အစိုးရက သတ်မှတ်ထားသည်။ 

ထိုရပ်တည်ချက်သည် ဆက်ရှိနေဆဲဖြစ်သည်။ သို့သော် ပြီးခဲ့သည့်လများအတွင်း အစိုးရအကြံပေးများသည် နောက်ကွယ်တွင် ရှရှားအပေါ် စိတ်ဆိုးဒေါသဖြစ်မှု များပြားလာကြောင်း၊ ရုရှား၏ အန္တရာယ်များသော လုပ်ရပ်များ သည် တရုတ်ကိုပါ ထိခိုက်စေမည်ဟု  ခံစားရမှုရှိလာကြောင်း တရုတ်လူမျိုးများ၊ နိုင်ငံခြားပညာရှင်များနှင့် သံတမန်များ၏ အင်တာဗျူးများအရ သိရသည်။ 

ရုရှား-တရုတ် ဆက်ဆံရေးကို မြောက်ကိုရီးယား - တရုတ် ဆက်ဆံရေးတို့ဖြင့် နှိုင်းယှဉ်မှုများလည်း ရှိလာသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်

မြောက်ကိုရီးယား အစိုးရပိုင်းသည် ပုံမှန်မဟုတ်သော လုပ်ရပ်များဖြင့် တရုတ်နိုင်ငံအား စိတ်ဆိုးဒေါသ ဖြစ်စေ သည့်တိုင် နောက်ပိုင်းတွင် တရုတ်၏ စီးပွားရေး အကူအညီနှင့် သံတမန်ရေးရာ ထောက်ပံ့မှုများမှ အကျိုးအမြတ် ရရှိခြင်းနှင့် နှိုင်းယှဉ်ကြခြင်း ဖြစ်သည်။
 
ဝဂ်နာများ၏ ပုန်ကန်မှုသည် တရုတ်အနေဖြင့် ရုရှား သို့မဟုတ် သမ္မတ ပူတင်ဘက်မှ ရပ်တည်ခြင်းသည် မှန်ကန် ရဲ့လားဆိုသည့် သံသယကို နှစ်ဆတိုးပွား လာစေသည်ဟု ဝါရှင်တန်ရှိ ပညာရှင်အဖွဲ့အစည်းတစ်ခုမှ တရုတ်အရေး ကျွမ်းကျင်သူ ပတ်ထရစ်စီယာ အမ်.ကင်မ် (Patricia M.Kim) က ပြောသည်။ 

တရုတ်နိုင်ငံအတွင်း ပညာရှင်များသည်ပင် စစ်ပွဲအတွင်း ရုရှားစစ်တပ်၏ စွမ်းဆောင်ရည် ကျဆင်းလာခြင်းအပေါ် စိုးရိမ်မှုများ ရှိလာသည်။ ယင်းက ရုရှား၏ လွှမ်းမိုးမှုများစွာရှိနေသော တရုတ်စစ်တပ်၏ ဖွဲ့စည်းပုံနှင့် ပတ်သက် သည့် မေးခွန်းများစွာကိုလည်း ပေါ်ထွက်လာစေခဲ့သည်။

Source: AP