CNI International News

အွာဂါဒူဂူ၊ ဇူလိုင် ၁

ဘာကီနာဖာဆို အစိုးရကို တိုက်ခိုက်နေသည့် သူပုန်များ၏ လှုပ်ရှားမှုများနှင့် ပြောဆိုချက်များသည် ယုံကြည်ရမှု မရှိဘဲ သတင်းများကိုထုတ်လွှင့်ခဲ့၍ ပြင်သစ်သတင်းဌာန တစ်ခုကို ဘာကီနာဖာဆိုက ထုတ်လွှင့်ခွင့် ရပ်ဆိုင်းလိုက် သည်။

ယင်းက ပြင်သစ်မီဒီယာများအပေါ် နှိပ်ကွပ်မှုများ၏ နောက်ဆုံး တစ်ခုလည်း ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် စစ်တပ်၏ အာဏာသိမ်းမှု နှစ်ကြိမ်အတွင်း လုံခြုံရေး အခြေအနေများ ဆိုးရွားလာမှုအပေါ် ဒေါသ ထွက်မှု ရှိလာခဲ့ပြီးကတည်းက ဘာကီနာဖာဆိုနှင့် ယင်း၏ကိုလိုနီဟောင်း ပြင်သစ်တို့အကြား ဆက်ဆံရေး ဆိုးရွား ခဲ့သည်။ 

ပုဂ္ဂလိကပိုင် TF1 ရုပ်သံလိုင်း တစ်ခုဖြစ်သော La Chaine Info(LCI)ကို ဧပြီလကုန်ပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် သတင်းတစ်ပုဒ်ကြောင့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ကာ သုံးလရပ်နားခဲ့သည်ဟု နိုင်ငံ၏ အမျိုးသား မီဒီယာ စောင့်ကြည့်ရေးအဖွဲ့မှ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ 

ထိုသတင်းသည် ပုန်ကန်မှုနှင့်ပတ်သက်၍ အလွန်အမင်းချဲ့ကား ရေးသားထားကာ ပဋိပက္ခအပေါ် ဖာကီနာဖာဆို စစ်တပ်က အောင်မြင်စွာ တုံ့ပြန်ုနိုင်ခဲ့ခြင်းမရှိဟု အတည်မပြုနိုင်သည့် အခြေအနေကို ထုတ်ဖော် ရေးသားခြင်းဖြင့် အကြည်အညိုပျက်အောင် လုပ်ဆောင်ခဲ့သည်ဟု မီဒီယာစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ TF1 ဘက်ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ချက်ချင်းတုံ့ပြန် ပြောဆိုခြင်း မရှိပေ။

ဘာကီနာဖာဆိုစစ်အစိုးရသည် ဆာဟာရတောင်ပိုင်းရှိ ဆာဟယ်လ် (Sahel) ဒေသတစ်လျှောက်မှ လက်နက်ကိုင် အုပ်စုများနှင့်ပတ်သက်၍ သတင်းရေးသားမှုအတွက် ပြင်သစ်ပိုင် ရုပ်သံလိုင်းနှစ်ခုဖြစ်သော Radio France International နှင့် France 24 တို့အား ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ 

ဧပြီလတွင်လည်း Le Monde နှင့် Liberation သတင်းစာ နှစ်စောင်မှ ပြင်သစ် သတင်းထောက်နှစ်ဦးကိုလည်း နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့သေးသည်။ 

ဘာကီနာဖာဆိုသည် အယ်လ်ကေးဒါး၊ မာလီတွင် ၂၀၁၂ ခုနှစ်မှ စတင်အမြစ်တွယ်ခဲ့သည့် ISIL အဖွဲ့တို့နှင့် ဆက်စပ်နေသော လက်နက်ကိုင်အုပ်စုများ၏ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည့် အနောက်အာဖရိက နိုင်ငံများတစ်ခု ဖြစ်သည်။ 

အကြမ်းဖက်မှုများကြောင့် အရပ်သား ထောင်ချီသေဆုံးကာ ခြောက်သန်းခန့် ဘေးလွတ်ရာ ထွက်ပေးနေရသည်။ 

ပြီးခဲ့သည့်နှစ်တွင် အိမ်နီးချင်း မာလီမှ ပြင်သစ်တပ်ဖွဲ့များ ထွက်ခွာသွားခဲ့သည်။

မာလီနှင့် ဖာကီနာဖာဆို နှစ်နိုင်ငံစလုံးကို ပြီးခဲ့သည့် နှစ်နှစ်အတွင်း အတင်းအကြပ် အာဏာရယူခဲ့သည့် စစ်အစိုးရ များက အုပ်ချုပ်လျက်ရှိသည်။ 

ထိုအစိုးရများသည် လုံခြုံရေးကို မြှင့်တင်ပေးရန်၊ အစဉ်အလာ မဟာမိတ်များနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် ကတိကဝတ် ပေးထားသည်။ 

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နိုင်ငံတွင်းရှိ ပြင်သစ်သံတမန်များနှင့် တပ်ဖွဲ့များ ထွက်ခွာရန် ဆန္ဒပြတောင်းဆိုမှုတချို့လည်း ပေါ်ပေါက်ခဲ့သေးသည်။ 

ဆန္ဒပြသူများသည် မြို့တော်ရှိ ပြင်သစ်ယဉ်ကျေးမှုစင်တာကိုလည်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြသည်။

Source: အယ်ဂျာဇီးလ်ယား