CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသော အချက်များနှင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စတို့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ဇူလိုင် ၁၁ ရက်တွင် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်ဖက် ကိုယ်စားလှယ်များအကြား ယခင် ဆွေးနွေးပွဲများ၌ သဘောတူထားသည့် အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပံ့ပိုးရေးကိစ္စတို့ကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးပွဲကို ၁၂ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။

RCSS ဘက် အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်၊ ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်တို့ တက်ရောက်ခဲ့ပြီး NSPNC ဘက်ကမူ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် အဖွဲ့ဖြစ်သည်။