CNI International News

ဗီလ်နီးယပ်စ် (Vlnius)၊ ဇူလိုင် ၁၃

ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အသည်းအသန် လိုလားနေသော်လည်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကမ္ဘာ့မဟာမိတ်များကမူ ဇူလိုင် ၁၂ ရက်နေ့ နေတိုးညီလာခံတွင် အဖွဲ့ဝင်အဖြစ် လက်မခံသေးဘဲ စစ်ရေး အကူ အညီသာ ပေးသွားမည်ဟု ကြေညာခဲ့သည်။

ယူကရိန်းကို အနာဂတ်တိုက်ခိုက်မှုများမှ ကာကွယ်ပေးမည့် လုံခြုံရေးကတိကဝတ် အသစ်များကိုသာ ကြေညာဖို့ နေတိုးက ပြင်ဆင်နေသည်။ 

ယူကရိန်း၏ နေတိုးဝင်ခွင့်ကို အချိန်ကာလလည်း သတ်မှတ်မပေးသလို၊ ကမ်းလှမ်းရန်လည်း ငြင်းဆန်ခဲ့သည့် အတွက် ယူကရိန်းသမ္မတ ဇာလန်းစကီးက စိတ်ပျက်စရာဟု ပြောကြားခဲ့သည်။

ဇာလန်းစကီး၏ စိတ်ပျက်ကြောင်း ပြောကြားချက် ထွက်ပေါ်လာပြီး တစ်ရက်အကြာမှာ ကမ္ဘာ့သြဇာ အကြီးဆုံး စစ်အုပ်စုအဖွဲ့ဝင်များက ရေရှည်ကာကွယ်ပေးမည့် အလားအလာ ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။ 

ယူကရိန်းမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့သည့် ရုရှားကျူးကျော်မှုကို တွန်းလှန်နေရင်း နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရန် စိတ်အားထက်သန်နေခဲ့သည်။ 

ရုရှား ကျူးကျော်စစ်တွင် ယခုအချိန်အထိ လူသောင်းနှင့်ချီ၍ သေဆုံးခဲ့ရသလို လူပေါင်းများစွာ နေရပ်စွန့်ခွာ နေရ သည်။ 

နေတိုးမဟာမိတ်အဖွဲ့၀င် ခေါင်းဆောင်များကိုတွေ့ရစဉ်

ထိုအစား ကမ္ဘာ့စက်မှု ထိပ်သီး (၇) နိုင်ငံ G-7 ၏ ကြေညာချက်တွင် စစ်ပွဲပြီးဆုံးရေးနှင့် အနာဂတ် တိုက်ခိုက်မှု မှန်သမျှကို တုံ့ပြန်နိုင်ရေးအတွက် လာမည့်နှစ်များ၌ မဟာမိတ်များက ယူကရိန်းကို မည်သည့်ပုံစံဖြင့် ထောက်ပံ့ ရမလဲ စီစဉ်သွားမည် ဖြစ်သည်။

လက်တွေ့အားဖြင့် ထိုအစီအစဉ်မှာ ယူကရိန်း စစ်တပ်နှင့် စီးပွားရေး ဆက်လက် လည်ပတ်နေနိုင်အောင် ရေရှည် စစ်ရေးနှင့် ငွေကြေး အကူအညီပေးသွားမည့် ကိယက်ဗ်နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်များအရ အကောင်အထည် ပေါ်လာမည် ဖြစ်သည်။

G-7 တွင် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဂျပန်၊ ပြင်သစ်၊ ကနေဒါ၊ အီတလီနှင့် ဗြိတိန်တို့ ပါဝင်သည်။ 

အဖွဲ့ဝင်အဖြစ်  ခွင့်ပြုမည့် အချိန်ကာလ သတ်မှတ်ချက် မရှိမှုအပေါ် စိတ်ပျက်မိသော်လည်း ညီလာခံ၏ ရလဒ်များ မှာ ခြုံကြည့်ပါက ကောင်းမွန်ကြောင်း၊ မဟာမိတ်များက စစ်ရေး အကူအညီ အသစ်များ ပေးအပ်သွားမည့် ကြေညာချက်များကို ကြိုဆိုပါကြောင်း ဇာလန်းစကီးက ပြောသည်။

Source: ရိုက်တာ