CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၅ 

Move Forward (MFP)ပါတီအနေဖြင့် အစိုးရဖွဲ့စည်းနိုင်ရေးနှင့် ဝန်ကြီးချုပ်ရာထူး လက်ခံရရှိနိုင်ရေးအတွက် ဘုရင်အား စော်ကားမှုကို တားမြစ်သည့်ဥပဒေ(lese Maheste)ဟု လူသိများသည့် ပုဒ်မ ၁၁၂ ပြင်ဆင်ရေး ရပ် တည်ချက်ကို နောက်ဆုတ်သင့်ကြောင်း နိုင်ငံရေးသမားဟောင်းကြီး ချူဗစ် ကာမိုဗီဆစ် (Chuwit Kamolvisit)က ပြောသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဇူလိုင် ၁၃ ရက်နေ့က ဝန်ကြီးချုပ်ရွေးချယ်သည့် လွှတ်တော်မဲပေးပွဲအပြီးတွင် မစ္စတာချူဗစ်က သူ၏ သဘောထား ကို ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားထုတ်လွှင့်ခဲ့သည်။

မဲပေးပွဲတွင် Move Forward ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်လောင်း မစ္စတာပီတာလင်ဂျာရိုရတ်(Pita Limjaroenrat)သည် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့ကြောင်း၊ လိုအပ်သည့် မဲအရေအတွက်မှာ လွှတ်တော်အမတ် ၇၅၀ အနက် ၃၇၆ မဲဖြစ်ကြောင်း၊ ထိုအရေအတွက်ကို ပြည့်မှီခြင်းမရှိ၍ ဝန်ကြီးချုပ်အဖြစ် အရွေးချယ်မခံခဲ့ရပေ။

ထို့နောက် ဇူလိုင် ၁၉ ရက်နေ့တွင် ဒုတိယအကြိမ် မဲပေး ရွေးချယ်ကြမည်ဖြစ်သည်။ မဲရလဒ်ကို လက်ခံသော်လည်း အရှုံးပေးမည်မဟုတ်ကြောင်း မစ္စတာပီတာက ပြောထားသည်။ 

ထိုင်းဘုရင်နဲ့ မိဖုရားကိုတွေ့ရစဉ်

မစ္စတာချူဗစ်က ဒုတိယအချီ မဲပေးလျှင်လည်း ရလဒ်မှာ  အတူတူပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ MFP ပါတီ အနေ ဖြင့် ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို ဆက်လက် တွန်းအားပေးမည်လား သို့မဟုတ် လုံးဝကျောခိုင်း စွန့်လွှတ်မည်လား ဆုံးဖြတ်ရတော့မည်ဟု ထောက်ပြသည်။

အစိုးရအဖွဲ့ပြီးလျှင် တခြားလုပ်စရာများ အမြောက်အများ ရှိနေသောကြောင့် တော်ဝင်အဖွဲ့အစည်းအား ပြုပြင် ပြောင်းလဲရေး တစ်ခုတည်းကိုသာ အာရုံစိုက်နေဖို့ မလိုအပ်ကြောင်းလည်း ချူဗစ်က ပြောသည်။ 

ဝန်ကြီးချုပ်လောင်း မစ္စတာပီတာလင်ဂျာရိုရတ်ကို တွေ့ရစဉ်

“Move Forward ပါတီဟာ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက တစ်ပါတီသာ ဖြစ်တယ်။ တစ်ပါတီအစိုးရလည်း မဟုတ် ဘူး။ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို အခြားပါတီတစ်ခုက သဘောမတူနိုင်တာမျိုးလည်း ရှိမှာပဲ။ နောက်ရွေးကောက်ပွဲ မှာ အောက်လွှတ်တော် အမတ်တွေရဲ့ တစ်ဝက်ကျော်ကျော်က ထောက်ခံမှပဲ ပြင်ဆင်နိုင်လိမ့်မယ်”ဟု မစ္စတာ ချူဗစ်က ပြောသည်။ 

MFP ပါတီမှာ ရွေးကောက်ပွဲတွင် ၁၅၂ နေရာ အနိုင်ရခဲ့ခြင်းမှာ မဲဆန္ဒရှင်များက ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် ပါတီ ၏ ရပ်တည်ချက်ထက် စစ်တပ်ကို ပြုပြင်ပြောင်းလဲပြီး အာဏာရှင်ဆန်သည့် ဥပဒေများအား ဖယ်ရှားပစ်လိုသော ရည်ရွယ်ချက်ကို သဘောတူကြ၍ဖြစ်သည်ဟု ယုံကြည်မိကြောင်း မစ္စတာချူဗစ်က ပြောသည်။ 

Source: ဘန်ကောက်ပို့စ်