CNI International News

မော်စကို၊ ဇူလိုင် ၁၅

ပြီးခဲ့သည့်လက မော်စကို စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ခဲ့သော်လည်း ဝဂ်နာကြေးစား စစ်သားများကို ရုရှားမှာပဲ ဆက်လက် စစ်မှုထမ်းရန် ကမ်းလှမ်းထားကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်ဟု အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။ 

ဇူလိုင် ၁၃ ရက်နေ့က ရုရှားနေ့စဉ် သတင်းစာ Kommersant နှင့် အင်တာဗျူးတွင် ပြီးခဲ့သည့်လက ဝဂ်နာတပ်ဖွဲ့ များက ပုန်ကန်ခဲ့ကြပြီး ၅ ရက်အကြာတွင် ဝဂ်နာစစ်သားများ၊ ခေါင်းဆောင် ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin)တို့နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ပူတင်က ပြောသည်။ 

ပူတင်၏ ကမ်းလှမ်းချက်အရ ကြေးစားစစ်သားများသည် လက်ရှိတပ်မှူး လက်အောက်တွင်ပင် ဆက်လက် တာဝန် ထမ်းဆောင်နိုင်သည်ဟု သတင်းစာက ဖော်ပြသော်လည်း ထိုတပ်မှူးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။ 

ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်ကို တွေ့ရစဉ်

“သူတို့အားလုံး တစ်နေရာတည်းမှာတင် စုနေပြီး ဆက်အမှုထမ်းနိုင်ပါတယ်”ဟု ပူတင်က ပြောကြားခဲ့ကြောင်း Kommensant က ဖော်ပြထားသည်။ 

“ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူတို့ကို တစ်ချိန်လုံး အုပ်ချုပ်ခဲ့တဲ့ တပ်မှူးအောက်မှာပဲ ရှိနေမှာပါ” ဟု ပူတင်က ဆက်ပြောခဲ့သည်။ 

ရုရှားစစ်တပ်၏ ဦးစီးချုပ်လည်းဖြစ်သူ ပူတင်က ကြေးစားစစ်သားများကို ရုရှားစစ်တပ် အတွင်းမှာပဲ ဆက်ရှိ နေစေလိုသည့် သဘောဟု ယူဆရသော်လည်း အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိပေ။ 

“သူတို့ အတော်များများ ကျနော်ပြောတာကို သဘောတူကြပါတယ်”ဟု ပူတင်က ပြောသည်။

သို့သော် ပရီဂေါ့ဇ်ဟင်ကတော့ သဘောမတူဟု ပြောကြောင်း အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။ 

ရုရှားစစ်တပ်ကိုတွေ့ရစဉ်

“ပရီဂေါ့ဇ်ဟင်က နားထောင်အပြီးမှာ ကောင်လေးတွေက ဒီလိုဆုံးဖြတ်ချက်မျိုးကို သဘောတူမှာ မဟုတ်ဘူး”ဟု ပြောကြောင်း Kommersant ကိုကား၍ အယ်ဂျာဇီးလ်ယားက ဖော်ပြခဲ့သည်။

ထိုအခြေအနေများက ရုရှားအစိုးရမှာ ရုရှားဥပဒေ အဝန်းအဝိုင်း၏ အပြင်ဖက်တွင် အလုပ်လုပ်နေသည့် ပုဂ္ဂလိက စစ်တပ် အဖွဲ့အစည်း တစ်ခုအပေါ် မှီခိုနေရသည်ကို ပူတင်က သွယ်ဝိုက်ဝန်ခံရာ ရောက်နေသည်။ 

ထို့နောက် ဝဂ်နာ အနေနှင့် လက်ရှိပုံစံဖြင့် ဆက်လက်ရပ်တည်ဖို့တော့ မဖြစ်နိုင်တော့ဟုလည်း ပူတင်က Kommersant သတင်းစာကို ပြောကြားခဲ့သည်ဟု အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။

Source: အယ်ဂျာဇီးလ်ယား