CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁

နစကအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ကျော်လွန်ကာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပလာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

NCA အရ ကျင်းပမည်ဆိုပါက NCA လက်မှတ် မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးနိုင်မှာ မဟုတ်ကြောင်း၊ ထို့ကြောင့် NCA ကို ကျော်လွန်ကာ ကျင်းပလာနိုင်ကြောင်း ၎င်း ပြောသည်။ 

ဒေါက်တာအေးမောင်က “အခြေအနေအရတော့ နောက် ၆ လ ထပ်ယူမှာလား၊ အဲဒီ ၆ လယူရင် ခုနက ငြိမ်းချမ်း ရေးညီလာခံဆိုတဲ့ဖက်မှာ လက်နက်ကိုင် တောင်လှန်ရေး အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရည်မှန်းချက်၊ တပ်မတော် ရဲ့ နိုင်ငံရေးရည်မှန်းချက်ပေါ့ဗျာ၊ အဲဒီနှစ်ခုကို ဆွေးနွေးကြမှာလား NCA ကို ကျော်ရေးဆိုတဲ့ သဘော ပါ NCA အရဆိုရင်တော့ “ဝ”တို့၊ မိုင်းလားတို့က NCA မှာ လက်မှတ်ထိုးရမယ်လေ၊ ဒါမှ ငြိမ်းချမ်းရေးညီလာခံကို တက်ပြီး ဆွေးနွေးခွင့်ရှိတာကိုး မဟုတ်ရင် လေ့လာသူပဲ၊ ပြည်ထောင်စုလွှတ်တော်ကလည်း ရှိရဦးမယ်၊ NCA စာချုပ်အရ ဆိုရင် အဲဒီတော့ ရွေးကောက်ခံ အစိုးရတစ်ရပ်၊ ရွေးကောက်ခံ လွှတ်တော်တစ်ရပ် ရှိမှသာလျှင် ငြိမ်းချမ်းရေး ညီလာခံက ထွက်လာတဲ့အဖြေကို အတည်ပြုပေးပြီးခါမှ National Accord ဖြစ်မှာကိုး။ ပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်မှာကိုး။ အဲဒါကတော့ လုပ်ငန်းစဉ်က ရှည်ကြာပါတယ်။ မြန်မြန်ဖြတ်ချင်လို့ ငြိမ်းချမ်းရေးညီလာခံ ကို တောင်းတာလား အဲဒီမှာ အကြေအလည်ပေါ့ဗျာ၊ အခု NSPNC နဲ့ ၅ ဖွဲ့တို့ ၂ ဖွဲ့တို့ ၃ ဖွဲ့တို့ တွေ့နေသလို အားလုံး ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်လိုက်ပြီးမှ တပ်မတော် ဦးဆောင်ပြီးမှ ငြိမ်းချမ်းရေး ညီလာခံ တစ်ခု သွားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် တစ်ခုကို ဦးတည်ကြမှာလား။ အဲဒီဖက်ကို ဦးတည်တယ်ဆိုရင်တော့ဖြင့် ငြိမ်းချမ်း ရေး ညီလာခံသည် အက္ခရာကျလာနိုင်တာပေါ့၊ အဲဒီတော့ ၂၀၀၈ ကို ကျော်ပြီး စဉ်းစားတာ ပေါ့၊ NCA ကို ကျော်ပြီး စဉ်းစားကြရအောင်ဆိုတဲ့ သဘောတောင်းဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဗျာ” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က UWSA-SSPP-NDAA တို့နှင့် NSPNC တွေ့ဆုံ ဆွေးနွေးနေစဉ်

လက်ရှိတွင် နစကနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့သည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေ ကြောင်း၊ ထိုဆွေးနွေးမှုများတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးဆိုသော အချက်ကို ထည့်သွင်း ဆွေး‌နွေးကြကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခင် အရပ်သားအစိုးရ လက်ထက်တွင်လည်း ကျင်းပခဲ့ကြောင်း၊ သို့သော် လည်း အကျိုးသက်ရောက်မှု နည်းပါးခဲ့ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

တိုင်းပြည်အား ငြိမ်းချမ်းစေလိုပါက ငြိမ်းချမ်းနိုင်သမျှ အခြေအနေများကို လုပ်ဆောင်ရမှာဖြစ်ကြောင်း ရခိုင်ပြည် လွတ်‌မြောက်ရေးပါတီ(ALP)မှဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဦးသိန်းစိန် မိန့်ခွန်းပြောနေစဉ်

၎င်းက “ငြိမ်းချမ်းဖို့ဆိုလို့ရှိရင် NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ ကြိုးပမ်းနေသလို နိုင်ငံငြိမ်းချမ်းစေဖို့ဆိုလို့ရှိရင် NCA မထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စကားပြောတော့ ပြောရမယ်၊ ကျမ မြင်တာက မငြိမ်းချမ်းလို့ပဲ ငြိမ်းချမ်းဖို့အတွက် စကားပြောကြရတာပဲ၊ အဲဒီလိုမျိုးပဲ မြင်ပါတယ်၊ NCA ကို ကျော်လွန်တယ်ဆိုတာကတော့ NCA ဘောင်အတွင်းက ကျမတို့ ကိုယ်၌က NCA အတိုင်းသွားပါမယ်လို့ ဘယ်လောက်ပြောပြော ကျမတို့ တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေထဲမှာလည်း အတွင်းအပြင် အမျိုးမျိုးတွေ ရှိနေကြတယ်၊ ဒီနေ့ ဒီအချိန်မှာလေ မိသားစုအတွင်းမှာလည်း အမြင်မတူကြဘူး။ တိုင်းရင်းသားခေါင်းဆောင်တွေ အချင်းချင်း အကြား မှာလည်း အမြင်မတူကြဘူး။ တစ်ဖွဲ့ချင်းစီထဲမှာလည်း အမြင်ကွဲလွဲမှုတွေက ဒီလိုမျိုး ရှိနေကြတာတွေ ရှိတယ်၊ တကယ့်နိုင်ငံ ငြိမ်းချမ်းစေချင်တယ်ဆိုလို့ရှိရင် ငြိမ်းချမ်းနိုင်သမျှတော့ အခြေအနေတွေကို လုပ်ရမှာပါပဲ၊ ကျမ တော့ အဲဒီလိုမျိုးပဲ တွေးထားတယ်” ဟု ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းက  နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်။