CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၄

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစပြီး ထိုင်းနိုင်ငံတစ်ဝန်း စီးနင်းရှာဖွေမှုများတွင် တရားမဝင် လက်နက်အများအပြားနှင့် သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ လက်ထောက်အကြီးအကဲ တော်ဆက်ခ် ဆွတ်ခ်ဝီမို က ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဇူလိုင် ၂၁ ရက်အထိ ရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ ပစ်မှတ် ၁၆၅၈ နေရာကို စီးနင်းခဲ့ပြီး သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် တရားမဝင် သေနတ် ၉၆၆ လက်နှင့် ကျည်ဆန် ၄၄၅၄၀ တောင့်၊ ဖောက်ခွဲရေးပစ္စည်း နှစ်ခု၊ မက်သာဖက်တမင်း ဆေးပြား ၆၂၃၉ ပြားကို သိမ်းဆည်း ရမိခဲ့သည်ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများကိုတွေ့ရစဉ်

Krabi ပြည်နယ်၊ Khao Phanom ခရိုင်မှ ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးမှု၊ လူသတ်မှုစွဲချက်များဖြင့် ဖမ်းဝရမ်း ၃ ခု ထုတ်ခံထားရသည့် အသက် ၂၈ နှစ်အရွယ် ဘွန်အမည်ရှိ သံသယရှိသူ ပိုင်ဆိုင်သည့် Na Khao ရပ်ကွက်က နေအိမ်တစ်လုံးကို ဝင်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

သံသယရှိသူသည် နေအိမ်နောက်ဘက်မှ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ချိန်တွင် ရဲတပ်ဖွဲ့က လိုက်လံ၍ ပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု တော်ဆက်ခ်က ပြောကြားခဲ့သည်။ 

ဖမ်းဆီးရမိသော လက်နက်များကိုတွေ့ရစဉ်

ထိုသံသယရှိသူသည် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်ရင်း သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

အဆိုပါ သံသယရှိသူထံမှ ၉ မမ Mauser ပစ္စတို တစ်လက်နှင့် M-67  လက်ပစ်ဗုံးအပြင် မီးခိုးဗုံးနှစ်လုံးကိုလည်း တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်