CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂

နစကသည် မြန်မာနိုင်ငံမှ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသည့်  အကျဥ်းသားဟောင်း ၇၇၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာမှာ ရခိုင်ပြည်နယ်မှ နိုင်ငံရေးပုဒ်မဖြင့် စွပ်စွဲခံရသူ နှစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသူ/သား ၇၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ရခိုင်ပြည်နယ်မှ လွတ်မြောက်လာ သည့် အကျဉ်းသူ/သား ၂၅၆ ဦးရှိကြောင်း၊ ထို ၂၅၆ ဦးအနက် နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ အကျဉ်း သား နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်ရေး မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးမြတ်ထွန်းက “၁၇(၁)၊ ၅၀၅(က)တို့နဲ့ တရားစွဲဆိုခံရတဲ့သူတွေကတော့ တော်တော်လေးကို ရှိပါတယ်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ အချုပ်ဆိုလို့ရှိရင် ကျောက်တော်တို့၊ မြောက်ဦးတို့မှာ အတော်လေးကို ရှိပါတယ်။ ပြောရမယ် ဆိုရင်တော့ ၁၀၀ နီးပါးလောက်ကို ရှိမယ်လို့ ထင်ပါတယ်။ အခုကတော့ နိုင်ငံရေးပုဒ်မနဲ့ တရားစွဲဆိုခံထားရသူ လွတ်တာက မရှိသလောက် ဖြစ်နေပါတယ်”ဟု ပြောသည်။

 နစက၏ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

သြဂုတ် ၁ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူ ၂ ဦးမှာ စစ်တွေထောင်မှာ ဖမ်းဆီးခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ  ၅၀၅ (က)ဖြင့် ထောင်ဒဏ်ချမှတ်ခံထား ရသူ ဦးတင်ထွန်းအောင်နှင့် သံတွဲထောင်တွင် ဖမ်းဆီးခံထားရသည့် AA တပ်ဖွဲ့ဝင်ဆိုသော ဦးအောင်နိုင်မြင့်တို့ ဖြစ် ကြောင်း ရခိုင်နိုင်ငံရေး အကျဥ်းသားဟောင်းအဖွဲ့ထံမှ သိရသည်။

ထို့နောက် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် ကြီးလေးသောစစ်ပုန်ကန်မှု ပုဒ်မ ၁၃၁ တို့ဖြင့် တရားစွဲ ဆိုခံထားရသည့် ကျောက်တော်မြို့နယ်မှ  ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ နစက၏ လွတ်ငြိမ်းချမ်းသာခွင့် ထဲတွင် မပါဝင်ခဲ့ခြင်းကြောင့် စိုးရိမ်မိကြောင်း ဦးလှမောင်သန်း၏ ဇနီးဖြစ်သူက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစ်မ ယောက်ျားပါလာမယ်။ လွတ်မယ်လို့ မျှော်လင့်ထားတယ်။ ရှေ့နေ့ကို ဖုန်းဆက်ကြည့်တော့ အစ်မ တို့ အိမ်ရှင်နာမည်တော့ မကြားမိသေးဘူး၊ ကြားရင်တော့ ဖုန်းဆက်ပေးမယ် ပြောတယ်။ ကျမကတော့ ညက (မနေ့က) ဝါဆိုလပြည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာလည်း ဘုရားကို အနေကဇာတင်တယ်။ အသက်သွင်း တယ် ပြောတယ် အဲ့ဒီနေ့မှာ ကျမယောက်ျား နိုင်ငံရေးနဲ့ ပတ်သက်တဲ့လူတွေကို ကျမ ယောကျ်ားလည်း ပါမယ် ထင်တယ်။ လွတ်လာပြီဆိုရင်တော့ တအားပျော်ဖို့ကောင်းမှာပေါ့ အစ်မရယ်။ ခုမလွတ်လာတော့ စိတ်တွေ ပူနေရ တယ်။ သားသမီးတွေလည်း ငိုနေတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပုဒ်မများဖြစ်သည့် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)၊ ကြီးလေးသော စစ်ပုန်ကန်မှု ပုဒ်မ ၁၃၁ ဖြင့် တရားစွဲဆိုခံရသူ ၁၀၀ ကျော်ရှိသည့် အနက်  ၂ ဦးသာ ပြန်လွတ်လာကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲအကျဉ်းထောင်ကိုတွေ့ရစဉ်

နစကသည် သြဂုတ် ၁ ရက်နေ့က မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင်/ အချုပ်စခန်းများမှ အကျဥ်းသား  ၇၇၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့ကို အပြစ်ဒဏ် လျော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် ရခိုင်ပြည်နယ်ထဲတွင် စစ်တွေအကျဥ်းထောင်မှ အကျဥ်းသား ၃၃ ဦး နှင့် အကျဥ်းသူ ၂ ဦး၊ ကျောက်ဖြူအကျဥ်းထောင်မှ အကျဥ်းသား ၅၆ ဦးနှင့် အကျဥ်းသူ ၈ ဦး၊ ဘူးသီးတောင် အကျဥ်းထောင်မှ အကျဥ်းသား ၄၈ ဦးနှင့် အကျဥ်းသူ ၁ ဦး၊ သံတွဲအကျဥ်းထောင်မှ အကျဥ်းသား ၉၅ ဦးနှင့် အကျဥ်း  သူ ၁၀ ဦး စုစုပေါင်း ၂၅၆ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးနှင့် ဆက်စပ်သူ ၇၂ ဦး တို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးသည့် မြန်မာနိုင်ငံက အကျဥ်းသား  ၇၇၄၉ ဦးအထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်၏ စာရင်းသာ တွေ့ရသေးသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။